ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန် အစိုးရဆီက နောက်ဆုံး အဆိုပြုလာမှုကို ပယ်ချမှာ ဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားတွေက ပြောပါတယ်။
ဂါဇာ အခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ရဲ့ အရာရှိ တစ်ဦးက အမေရိကန်ရဲ့ အဆိုပြုချက်ကို အစ္စရေးဖက်က လက်ခံပေမယ့် ဟားမားစ်အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် စတီဗန် ဝစ်ကော့ဖ်ရဲ့ အဆိုပြု ကမ်းလှမ်းချက်ကို အစ္စရေးဖက်က လက်ခံဖို့ မီးစိမ်းပြထားပြီဖြစ်ပြီး လောလောဆယ် ဟားမားစ်ဖက်က တရားဝင် အကြောင်းပြန်မှုကို စောင့်နေတယ်လို့ အိမ်ဖြူတော်က မေလ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်က ကြားဝင် ညှိနှိုင်းပေးတဲ့ အဆိုပြုချက်မှာတော့ ဟားမားစ်တွေ အနေနဲ့ ရက်ပေါင်း ၆၀ အပစ်ရပ် ကာလအတွင်း အသက်ရှင်နေဆဲ အစ္စရေး ဓားစာခံ ၁၀ ဦးနဲ့ သေဆုံးသူ ဓားစာခံ ရုပ်အလောင်း ၁၈ ခုတို့ကို နှစ်သုတ်ခွဲပြီး လွှဲပြောင်းပေးဖို့၊ တစ်ဖက်မှာလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို အစ္စရေးက ပြန်လွှတ်ပေးဖို့ ဆိုတာတွေ ပါဝင်ကြောင်း အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ဟားမားစ်ဖက်ကတော့ အဲဒီ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ဟာ ဟားမားစ်ဖက်က တောင်းဆိုထားတဲ့ အဓိက အနှစ်သာရတွေ ကင်းမဲ့နေလို့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ ဥပမာ ဂါဇာမှာ စစ်ပွဲ အပြီးတိုင် ရပ်ဆိုင်းရေးဆိုတဲ့ ကိစ္စမျိုးဆီ ဦးတည်မယ့် သတ်မှတ်ချက်မျိုးတွေက အမေရိကန်ရဲ့ အဆိုပြုချက်ထဲမှာ လုံးဝ ပါမလာဘူးလို့ ဟားမားစ်က ထောက်ပြခဲ့ပါတယ်။
အမေရိကန်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရက တရားဝင် မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဝစ်ကော့ဖ်ရဲ့ ကမ်းလှမ်းမှုကို သူက လက်ခံထားပြီး ဖြစ်တယ်လို့ ဓားစာခံတွေရဲ့ မိသားစုတွေကို မေလ ၂၉ ရက်နေ့ ညပိုင်းမှာ အသိပေးခဲ့ပါတယ်။
လတ်တလောမှာတော့ အစ္စရေးဟာ ဂါဇာကို တင်းတင်းကျပ်ကျပ် ဝန်းရံ ပိတ်ဆို့ထားပြီး စစ်ဆင်ရေး အရှိန်အဟုန်ကိုလည်း မြှင့်တင်နေပါတယ်။ အရင်က အမေရိကန်၊ ကာတာနဲ့ အီဂျစ် အစိုးရတွေက ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အစ္စရေးနဲ့ ဟားမားစ်ကြားမှာ ၂ လကြာ အပစ်ရပ်ခဲ့ဖူးပေမယ့် သက်တမ်း ထပ်မတိုးနိုင်တော့ဘဲ မတ်လ ၁၈ ရက်နေ့မှာ စစ်မီးပြန်လည် တောက်လောင်လာခဲ့တာ ဖြစ်ပါတယ်။
မေလ ၁၉ ရက်နေ့မှာတော့ အစ္စရေး စစ်တပ်က ဂါဇာမှာ စစ်ဆင်ရေး ပမာဏကို အလုံးအရင်း ချဲ့ထွင်သွားမယ်လို့ ကြေညာခဲ့သလို ၂ လအတွင်း ဂါဇာရဲ့ ၄ ပုံ ၃ ပုံကို သိမ်းယူဖို့ ရည်ရွယ်ထားကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဂါဇာမှာ စစ်ပွဲတွေ ပြန်စခဲ့တဲ့နောက် သီတင်း ၁၀ ပတ်အတွင်း လူပေါင်း ၄၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ဟားမားစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ နောက်ပြီး စစ်ရေး ပဋိပက္ခတွေကြောင့် ဂါဇာ လူဦးရေ ၂.၁ သန်းထဲက ၆ သိန်းကျော်လောက်ဟာလည်း နောက်တစ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကိုးကား: BBC
