close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Teslaရဲ့ အမြတ်တွေ ထိုးကျလာချိန် DOGEမှာ ပါဝင်ပတ်သက်မှုကို လျှော့ချတော့မယ်လို့ အီလွန်မတ်စ်ခ်ပြော

သူ့ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဝင်ငွေတွေ ထိုးကျလာတဲ့နောက် အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစိုးရ အရာရှိ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Reuters

သူ့ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဝင်ငွေတွေ ထိုးကျလာတဲ့နောက် အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစိုးရ အရာရှိ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ဘီလီယံနာ သူဌေးကြီးဟာ ထရမ့်လက်ထက်မှာ ဖွဲ့စည်းခဲ့ပြီး တရားဝင် ဝန်ကြီးဌာန မဟုတ်တဲ့ အစိုးရ လုပ်ငန်းစဉ် ထိရောက်ရေးဌာန (DOGE)ကို လက်တွေ့ ဦးဆောင်နေသူ ဖြစ်ပါတယ်။ DOGEရဲ့ ရည်ရွယ်ချက်ဟာ အစိုးရရဲ့ အသုံးစရိတ်တွေကို ကျစ်ကျစ်လစ်လစ် လျှော့ချဖို့ဖြစ်ပြီး အဲဒီအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)လို ဌာနမျိုးတွေရဲ့ ပရောဂျက်တွေကို ဖြတ်တောက်တာ၊ အေဂျင်စီတွေကို အပြီးဖျက်သိမ်းစေတာတွေ လုပ်ဆောင်လာပါတယ်။ ပြီးတော့ အမေရိကန် အစိုးရဝန်ထမ်း ၂ သိန်းကျော်လောက်ဟာ DOGE လက်ချက်ကြောင့် အလုပ်ထုတ်ခံရတာ၊ အလုပ်ထုတ်ခံရမယ်လို့ ကြိုတင် အသိပေး ခံထားရတာတွေ ကြုံနေရပါတယ်။

ဒီအခြေအနေက မတ်စ်ခ်နဲ့ DOGEတို့အပေါ် လူမုန်းများမှုတွေ မြင့်တက်လာစေပြီး မတ်စ်ခ်ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီကိုပါ ထိခိုက်လာခဲ့ပါတယ်။ ထရမ့်က အိမ်ဖြူတော်ကို ပြန်ရောက်လာပြီး DOGEကို မတ်စ်ခ်က စတင် ကိုင်တွယ်ခဲ့တဲ့နောက် ၂၀၂၅ ခုနှစ် ပထမ သုံးလအတွင်း ကုမ္ပဏီရဲ့ ဝင်ငွေဟာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ တူညီတဲ့ ကာလနဲ့ ယှဉ်မယ်ဆိုရင် Teslaရဲ့ အမြတ်ငွေဟာ ၇၀ ရာခိုင်နှုန်းကျော် ပြုတ်ကျသွားကြောင်း သိရပါတယ်။

ကုမ္ပဏီကတော့ အခုလို အထိနာမှုမျိုးတွေ ဆက်ရှိနေနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို သတိပေးထားပြီး ကာလတိုအတွင်း အခြေအနေတွေ ပြန်တိုးတက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်မျိုးကို ငြင်းဆိုထားပါတယ်။ နိုင်ငံရေး မူဝါဒ အပြောင်းအလဲတွေက Teslaရဲ့ ထုတ်ကုန်တွေအပေါ် ဝယ်လိုအားမှာ သက်ရောက်မှုတွေ သဘာဝကျကျ ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်စ်ခ်ဟာ ထရမ့် တကျော့ပြန် အနိုင်ရခဲ့တဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ မဲဆွယ်ရန်ပုံငွေ အများဆုံး ထည့်ဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းက အမေရိကန်မှာသာ မကဘဲ ကမ္ဘာတလွှားမှာပါ Teslaရဲ့ ထုတ်ကုန်တွေအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

မတ်စ်ခ်က အခုလို ထိခိုက်မှုတွေဟာ သူနဲ့ DOGE အဖွဲ့သားတွေကို ရန်လို တိုက်ခိုက်ချင်သူတွေရဲ့ လက်ချက်ကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ DOGEအတွက် သူလုပ်ခဲ့တာတွေက သိပ်အရေးကြီးပြီး အစိုးရ ဖွဲ့စည်းပုံကို စနစ်ကျအောင် ပြန်တည်ဆောက်မှုကလည်း ပြီးစီးသလောက် ရှိခဲ့ပြီလို့ မတ်စ်ခ်က ဆိုပါတယ်။

နောက်ပြီး သူဟာ DOGEအတွက် အချိန်ပေးမှုကို မေလကစလို့ သိသိသာသာ လျှော့ချတော့မှာဖြစ်ပြီး အစိုးရ ကိစ္စတွေကို တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက်သာ ပါဝင် ပတ်သက်တော့မယ်လို့လည်း မတ်စ်ခ်က ပြောပါတယ်။ သမ္မတ ထရမ့်က သူ့ကို ဆက်ပြီး အလုပ်လုပ်ပေးစေချင်နေသ၍၊ သူက သမ္မတအတွက် အသုံးဝင်နေသေးသ၍ အဲဒီလို ဆက်ပြီး လုပ်ကိုင်ပေးသွားဖို့ ဆန္ဒရှိကြောင်းလည်း မတ်စ်က မှတ်ချက်ပေးသွားပါတယ်။ လက်ရှိ အခြေအနေမှာတော့ သူဟာ ကုမ္ပဏီကို ပိုပြီး အာရုံစိုက်ဖို့ အရေးကြီးလာတယ် ဆိုတာကိုလည်း မတ်စ်ခ်က အသိအမှတ် ပြုခဲ့ပါတယ်။

Tesla ၂၀၂၅ ပထမ သုံးလပတ် ကာလအတွင်း ဝင်ငွေ ဒေါ်လာ ၁၉.၃ ဘီလီယံ ရှိခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်မှု ပျမ်းမျှဝင်ငွေထက် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ နောက်ပြီး စောင့်ကြည့် လေ့လာသူတွေ ခန့်မှန်းထားခဲ့တဲ့ ဒေါ်လာ ၂၁.၁ ဘီလီယံ ဖြစ်နိုင်ခြေ ဝင်ငွေထက်လည်း ပိုနည်းခဲ့ပါတယ်။ ကုမ္ပဏီဟာ မတ်စ်ခ်ကြောင့် စိတ်ပျက်လာတဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် လျှပ်စစ်ကားတွေကို စျေးချရောင်းခဲ့ရခြင်းကလည်း စုစုပေါင်း ဝင်ငွေမှာ ထိခိုက်မှုတွေ ဖြစ်လာစေပါတယ်။

Teslaအပေါ် ထိခိုက်စေတဲ့ နောက်ထပ် အဓိက အကြောင်းရင်း တစ်ခုကတော့ တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်ပမာဏ အလုံးအရင်း တိုးကောက်တဲ့ သမ္မတ ထရမ့်ရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ Teslaဟာ အမေရိကန်မှာ တပ်ဆင်ပြီး ပြည်တွင်းစျေးကွက်ကို အဓိက မှီခိုနေပေမယ့် ကုန်ကြမ်း အများအပြားကို တရုတ်ကနေ တင်သွင်းနေရတာပါ။ လျင်လျင်မြန်မြန် ဆင့်ကဲပြောင်းလဲနေတဲ့ ကုန်သွယ်ရေး မူဝါဒတွေဟာ ကုမ္ပဏီရဲ့ ကုန်ကြမ်း ကွင်းဆက်ကို သက်ရောက်ပြီး စရိတ်စကတွေ တိုးလာနိုင်တာကို ကြိုတင် မှန်းဆထားဖို့လိုကြောင်း Teslaက ထုတ်ပြန်ပါတယ်။

မတ်စ်ခ်ဟာ ကုန်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ထဲက အရာရှိ တချို့နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီထဲမှာ သမ္မတရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေး အရာရှိ ပီတာ နာဗာရိုလည်း ပါဝင်ပါတယ်။ နာဗာရိုက မတ်စ်ခ်ဟာ ကားထုတ်လုပ်သူ တစ်ယောက် မဟုတ်ဘဲ ကားအစိတ်အပိုင်းတွေကို တပ်ဆင်သူ တစ်ယောက်လို့သာ ပိုပြီး သတ်မှတ်သင့်တယ်လို့ ဝေဖန်ခဲ့ပြီး မတ်စ်ခ်က နာဗာရိုကို ငပေါလို့ တုံ့ပြန်ခဲ့ပါတယ်။

မတ်စ်ခ်က သူ့ရဲ့ တစ်ဦးတည်း အမြင် သဘောထားအရတော့ ကုန်သွယ်ရေး အခွန်စည်းကြပ်မှုတွေ မြှင့်တင်နေတာထက် လျှော့ချ သတ်မှတ်တာကို ပိုလိုလားကြောင်း၊ အဲဒီအတွက်လည်း သူက တိုက်တွန်း ဆော်ဩမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီထက်ပိုပြီး သူဘာမှ လုပ်နိုင်မှာ မဟုတ်ကြောင်းလည်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ်နဲ့ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို နောက်ကွယ်ကနေ ညှိနှိုင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

အမေရိကန် အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားရုံး တစ်ခုက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

စစ်ရေး လျှို့ဝှက်ချက်တွေကို ဒုတိယမြောက် Signal group chat တစ်ခုထဲမှာပါ မျှဝေထားခဲ့ကြောင်း စွပ်စွဲမှုတွေ ခံနေရတဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကာကွယ် ပြောကြားခဲ့ပါတယ်။

Facebook