close
Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး အန္တိမရည်မှန်းချက်ပန်းတိုင်များကို အပြည့်အဝ သဘောတူ တာဝန်ယူ၊ တာဝန်ခံနိုင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် NUG အသင့်ရှိ

မြန်မာပြည်သူများ ဦးဆောင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်များကို အပြည့်အဝ သဘောတူ တာဝန်ယူ၊ တာဝန်ခံနိုင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားရပ်တည်ချက် ထုတ်ပြန်လိုက်သည်။

မေ-၂၉၊ ၂၀၂၅။ People’s Spring

မြန်မာပြည်သူများ ဦးဆောင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်များကို အပြည့်အဝ သဘောတူ တာဝန်ယူ၊ တာဝန်ခံနိုင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားရပ်တည်ချက် ထုတ်ပြန်လိုက်သည်။

နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်များမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေး၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးတို့ဖြစ်သည်ဟု NUG က ဖော်ပြသည်။

မြန်မာနိုင်ငံရေးရာ အခြေအနေများနှင့်စပ်လျဥ်း၍ ကူညီဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ၏ သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ် NUG ၏ သဘောထားရပ်တည်ချက်ထုတ်ပြန်ရာတွင် ထည့်သွင်း ဖော်ပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဆီယံခေါင်းဆောင်များက သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းသည် အာဆီယံမိသားစုဝင်ဖြစ်သော မြန်မာနိုင်ငံအပေါ် အလေးအနက်ထားခြင်း ကို ဖော်ပြရာရောက်သဖြင့် NUG က ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနှင့် အာဆီယံ၏အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသည်ဟု ယုံကြည်ကြောင်း ဖော်ပြသည်။

အရပ်သားပြည်သူများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မဆင်မခြင်လုပ်ဆောင်လျက်ရှိသော တိုးမြင့်လာသည့် အကြမ်းဖက်မှု များကို ချက်ချင်းရပ်တန့်ရန်၊ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် အရပ်သား ပြည်သူ အားလုံး၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို သေချာစေရေး တိကျသေချာသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အာဆီယံ၏ တိုက်တွန်းချက်ကို NUGက ကြိုဆိုသည်။

သို့ရာတွင် အရပ်သားပြည်သူအားလုံး၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို သေချာစေရန် တိကျ သေချာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် အာဆီယံ၏ဦးဆောင်မှုဖြင့် နိုင်ငံတကာမှပါဝင်သော စနစ်ကျသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားမျိုး မရှိပါက အရပ်သားပြည်သူများအား ထိရောက်စွာ ကာကွယ်နိုင်မည်မဟုတ်ဟု NUG က ယုံကြည်ကြောင်း ဖော်ပြသည်။

အာဆီယံက မြန်မာပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ အခြေအနေအကဲဖြတ်အစီရင်ခံစာများကိုလည်း အသုံးပြုရန် လိုအပ်သကဲ့သို့ နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေထိန်းချုပ်စိုးမိုးထားသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက လက်တွေ့ အုပ်ချုပ်နေသည့် နေရာများတွင် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ရန် NUG က တိုက်တွန်းသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နိုင်ငံများမှတဆင့် နယ်စပ် ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် အာဆီယံက ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ