အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ အရမ်းဆိုးရွား ပြင်းထန်တဲ့ ဆီးကြိတ်ကင်ဆာ ခံစားနေရကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ လတုန်းက အိမ်ဖြူတော်ကို စွန့်ခွာသွားခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် ဘိုင်ဒန်ဟာ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ တစ်ခုခုရဲ့ လက္ခဏာတွေ ပြသတာကြောင့် ဆရာဝန်ကို ပြသခဲ့တဲ့နောက် သတင်းဆိုးကို ကြားခဲ့ရတာလို့ သူ့ရဲ့ ရုံးက ထုတ်ပြန်ပါတယ်။
ကင်ဆာဆဲလ်တွေဟာ ဘိုင်ဒန်ရဲ့ အရိုးတွေထိ ပျံ့နှံ့နေပြီး အခြေအနေ ဆိုးရွားနေတယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ အတည်ပြုထားပါတယ်။ ပြီးတော့ ဘိုင်ဒန်မှာ ဖြစ်ပွားနေတာဟာ ဆီးကြိတ် ကင်ဆာတွေထဲမှာမှ အကြမ်းတမ်းဆုံး အမျိုးအစား တစ်ခုလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ကင်ဆာကြောင့် ဖြစ်ပွားတဲ့ နာမကျန်း ဖြစ်မှုဟာ အရမ်းဆိုးပြီး ကင်ဆာဆဲလ်တွေရဲ့ ပျံ့နှံ့နှုန်းကလည်း အရမ်းမြန်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
မေလ ၁၈ ရက် ကြေညာချက်ထဲမှာတော့ ကာယကံရှင်နဲ့ မိသားစုဟာ ကုထုံးတွေ ခံယူနိုင်မယ့် နည်းလမ်းတွေကို သုံးသပ်နေဆဲလို့ ပါရှိခဲ့ပါတယ်။ ပြီးတော့ ကင်ဆာဟာ ဟိုမုန်းတွေနဲ့ ပတ်သက်ရင် တုံ့ပြန်မှု ရှိတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားတာကြောင့် အရှင်းပျောက်အောင် မကုသနိုင်ရင်တောင် ပျံ့နှံ့နှုန်းကို ထိန်းချုပ်နိုင်ခြေ အလားအလာမျိုး ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement
ဘိုင်ဒန်ရဲ့ ကျန်းမာရေး သတင်းကို ကြားသိရတဲ့နောက် သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေရော၊ မဟာမိတ်တွေကပါ စာနာအားပေးကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ဘိုင်ဒန်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်သူ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူနဲ့ သမ္မတကတော် မယ်လာနီယာတို့ဟာ ဘိုင်ဒန်ရဲ့ လတ်တလော ဆေးစစ်ရလဒ် သတင်းကို ကြားသိရတဲ့အတွက် အထူးစိတ်မကောင်း ဖြစ်မိကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ သူတို့နှစ်ဦး အနေနဲ့ ဘိုင်ဒန်ရဲ့ ဇနီးဂျီလ်ဘိုင်ဒန်၊ မိသားစုဝင်တွေ အတွက်လည်း အနွေးထွေးဆုံးနဲ့ အကောင်းဆုံး ဖြစ်စေဖို့ ဆန္ဒပြုပါတယ်လို့ ထရမ့်က ဆိုပါတယ်။
ဘိုင်ဒန်လက်ထက်မှာ ဒုတိယ သမ္မတ တာဝန်ယူခဲ့သူ ကာမာလာ ဟားရစ်ကလည်း သူနဲ့ ဇနီးဖြစ်သူ ဒေါ့ဂ်အမ်းဟော့ဖ်တို့ဟာ ဘိုင်ဒန် မိသားစုအတွက် ဆုတောင်းပေးနေကြောင်း၊ ဘိုင်ဒန်ဟာ တိုက်ပွဲဝင်ရဲသူ တစ်ဦး ဖြစ်တာကြောင့် အခု စိန်ခေါ်မှုကိုလည်း သူ့ဘဝ တလျှောက်လုံးမှာ ပြသခဲ့တဲ့ ခေါင်းဆောင်မှု လမ်းကြောင်းအတိုင်း တူညီတဲ့ ခွန်အား၊ ကြံ့ကြံ့ခံမှု၊ အကောင်းမြင်မှုတွေနဲ့ ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်ထားကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။
သမ္မတဟောင်း ဘာရတ် အိုဘားမားကလည်း ဘိုင်ဒန်မိသားစုနဲ့ထပ်တူ ရှိနေမယ်လို့ ဆိုပါတယ်။ ၂၀၀၉ ကနေ ၂၀၁၇ ထိ အိုဘားမားက သမ္မတအဖြစ် တာဝန်ယူခဲ့ချိန်မှာ ဘိုင်ဒန်ဟာ ဒုတိယ သမ္မတ ဖြစ်ခဲ့ပါတယ်။
အမေရိကန် ကင်ဆာ ဆေးပညာ အဖွဲ့ကြီးရဲ့ သိပ္ပံအချက်အလက်ရုံး အကြီးအကဲ၊ ဆီးကြိတ်ကင်ဆာ ပညာရှင် ဒေါက်တာ ဝီလျံ ဒါဟွတ်ကတော့ ဘိုင်ဒန် ကြုံနေရတဲ့ ရောဂါဟာ ပြင်းထန်တဲ့ အမျိုးအစားဖြစ်သလို ကင်ဆာတစ်မျိုးဟာ အရိုးထိ ပျံ့နေပြီဆိုရင် ကုသလို့ မရနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။
ဒါပေမဲ့လည်း ကုထုံးတွေကို ထိထိရောက်ရောက် တုံ့ပြန်တဲ့ လူနာတွေ အများကြီး ရှိခဲ့ဖူးသလို ရောဂါ မပျောက်ပေမယ့် နောက်ထပ် နှစ်အတော်များများ အသက်ရှင်သွားခဲ့ကြကြောင်းလည်း သူက ဆိုပါတယ်။ ရောဂါ ဖြစ်ပွားနိုင်ခြေ အကြောင်းတရားတွေ အမျိုးမျိုး ရှိရာမှာ အသက်အရွယ် ကြီးရင့်မှုကလည်း အဓိက အချက်တစ်ခုလို့ ဆိုပါတယ်။
သမ္မတရာထူးကို စွန့်ခွာသွားချိန် ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ ဘိုင်ဒန်နဲ့ သူ့ရဲ့ မိသားစုကတော့ အခုကိစ္စအပေါ် ကိုယ်တိုင် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဘိုင်ဒန်ဟာ သားအကြီးဆုံးဖြစ်သူ ဗျူဘိုင်ဒန်ကိုလည်း ၂၀၁၅ ခုနှစ်မှာ ဦးနှောက် ကင်ဆာ ရောဂါကြောင့် လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။
ကိုးကား: CNN
