Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘိုင်ဒန် ရွေးကောက်ပွဲ မဝင်တော့တဲ့နောက် ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး ဒုတိယ သမ္မတ ဟားရစ် စည်းရုံးရေး စတင်

ရွေးကောက်ပွဲဝင် သမ္မတလောင်း အဖြစ်ကနေ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားတဲ့နောက် သူ့ရဲ့ နေရာမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တင်မြှောက်ခံရအောင် ရည်မှန်း ကြိုးစားသွားမယ်လို့ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ကြေညာခဲ့ပါတယ်။

People’s Spring

ရွေးကောက်ပွဲဝင် သမ္မတလောင်း အဖြစ်ကနေ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားတဲ့နောက် သူ့ရဲ့ နေရာမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တင်မြှောက်ခံရအောင် ရည်မှန်း ကြိုးစားသွားမယ်လို့ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သူ့ရဲ့ အသက်အရွယ်၊ ကြံ့ခိုင်မှုနဲ့ ကျန်းမာရေး အခြေအနေတွေအပေါ် ဒီမိုကရက်တစ် ပါတီအတွင်းပိုင်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာတဲ့နောက် ဘိုင်ဒန်က ဇူလိုင် ၂၁ ရက် ညပိုင်းမှာ ပါတီ ကိုယ်စားပြု သမ္မတလောင်း အဖြစ်ကနေ နုတ်ထွက်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ စွမ်းအင်နဲ့ ခွန်အားတွေ အားလုံးကို လက်ကျန် သမ္မတ သက်တမ်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်သွားတော့မယ်လို့ ဘိုင်ဒန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြီးတော့ သူက လက်ရှိ ဒုတိယ သမ္မတဖြစ်တဲ့ ဟားရစ်ရဲ့ နောက်မှာ ဒီမိုကရက်တစ် အင်အားစုအားလုံး စုဝေး ထောက်ခံပေးကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

လတ်တလော အခြေအနေတွေအရ ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပေမယ့် တပ်အပ်သေချာတော့ မပြောနိုင်သေးပါဘူး။ မစ်ချီဂန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝှစ်မာ၊ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်၊ ပင်ဆယ်ဗ်ဗေးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှ်ရှာပိုင်ရို၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ပိထ်ဘက်တီဂိုင်တို့လို ပုဂ္ဂိုလ်တွေဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ဟားရစ်ကို ယှဉ်ပြိုင်လာနိုင်ခြေ ရှိသလို ဟားရစ်ရဲ့ ဒုတိယ သမ္မတလောင်း အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ကမ်းလှမ်းခံရတာမျိုးလည်း ရှိလာနိုင်ပါတယ်။

ဟားရစ်ကတော့ ဘိုင်ဒန်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးတာနဲ့ ပါတီထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ဆီ ဖုန်းဆက်ပြီး စည်းရုံးမှုတွေ ရှိလာသလို ဘိုင်ဒန်အတွက် မဲဆွယ်မှု ရန်ပုံငွေ ထောက်ပံ့ခဲ့တဲ့ အလှူရှင်တွေနဲ့ပါ ညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။

ဘိုင်ဒန်ဟာ အစောပိုင်းတုန်းက ရွေးကောက်ပွဲကို သေချာပေါက် ဝင်ပြိုင်မယ်လို့ ခေါင်းမာမာနဲ့ အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုနေခဲ့ရာက ဖိအားပေးမှုတွေ ပိုမြင့်တက်လာချိန်မှာတော့ ဆုံးဖြတ်ချက် ပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။ မူလက နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲဟာ ထရမ့်-ဘိုင်ဒန် မကျေပွဲ ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ သေချာပေါက် လမ်းကြောင်း ပြောင်းသွားပါပြီ။

တကယ်လို့ ဟားရစ်သာ ဒီမိုကရက်တစ် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အမှန်တကယ် တင်မြှောက်ခံရမယ် ဆိုရင်တော့ အမေရိကန် နိုင်ငံသမိုင်းမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံးသော အာရှနွယ်ဖွားနဲ့ လူမည်း အမျိုးသမီးအဖြစ် မှတ်တမ်း ဝင်လာမှာပါ။

လောလောဆယ်မှာတော့ အမေရိကန် သမိုင်းမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ခဲ့သူ ဟီလာရီ ကလင်တန်၊ သူ့ရဲ့ခင်ပွန်း သမ္မတဟောင်း ဘီလ် ကလင်တန်တို့က ဟားရစ်ကို ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ထောက်ခံထားပါတယ်။ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက ရွေးကောက်ပွဲ ဝင်မယ့် အစီအစဉ်ကို စွန့်လွှတ်ခဲ့တဲ့ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ရဲရင့်မှန်ကန်တဲ့ ရွေးချယ်မှုလို့ ချီးကျူးသွားပေမယ့် ဟားရစ်ကို ထောက်ခံတဲ့ စကားမျိုးတော့ မပြောသေးပါဘူး။

ဒီမိုကရက်တစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ (DNC)ကို နောက်လထဲမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီကျရင် ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းနဲ့ ဒုတိယ သမ္မတလောင်းတွေကို တရားဝင် သတ်မှတ်မှာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဂျေမီဟာရစ်ဆန်က ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးချယ်မှုကို ပွင့်လင်းမြင်သာပြီး နည်းမှန်လမ်းမှန် စနစ်တကျ ရှိစေရမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီဟာ ပြည်လုံးကျွတ် ညီလာခံ (RNC)ကို အောင်အောင်မြင်မြင် ကျင်းပပြီး ထရမ့်ရဲ့နောက်မှာ ပါတီတစ်ခုလုံး အခိုင်အမာ ရပ်တည်ပါတယ်ဆိုတဲ့ ပုံရိပ်မျိုးကို ပြသသွားပြီးတဲ့ အခြေအနေမှာ ဒီမိုကရက်တစ် ပါတီကတော့ ရွေးကောက်ပွဲ မတိုင်ခင် လအနည်းငယ်လောက် အလိုထိ ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ လုံးပန်းနေရဆဲ ဖြစ်ပါတယ်။

သမ္မတလောင်း နေရာကနေ နုတ်ထွက်ကြောင်း ဘိုင်ဒန်ရဲ့ ကြေညာချက် အပြီးမှာတော့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်တချို့က သူ့ကို အိမ်ဖြူတော်ကနေပါ ထွက်ခွာဖို့ တွန်းအားပေးလာကြပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ လုံလောက်တဲ့ အနေအထား မရှိတဲ့သူ တစ်ယောက်ဟာ နိုင်ငံကို ဦးဆောင်ဖို့လည်း လုံလောက်တော့မှာ မဟုတ်ဘူးလို့ ရီပတ်ဘလစ်ကန်တွေက ဝေဖန်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား တော်တော်များများက ထရမ့်ဟာ ဟားရစ်ဖြစ်ဖြစ်၊ ဒီမိုကရက်တစ် ပါတီက ရွေးချယ်မယ့် တခြားပုဂ္ဂိုလ် တစ်ဦးဦးကိုဖြစ်ဖြစ် အနိုင်ယူ ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး မြင့်မြင့်မားမား ရှိနေကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ အ​မေရီကန်သမ္မတ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဥ်ပြိုင်​တော့မှာမဟုတ်ဘူးလို့ သူရဲ့​ဖေစ်ဘွခ်စာမျက်နှာကတစ်ဆင့်ကြညာလိုက်ပါတယ်။

နိုင်ငံတကာ

ရီပတ်ဘလစ်ကန်ပါတီ ပြည်လုံးကျွတ် ညီလာခံ (RNC)ရဲ့ အခမ်းအနား အပိတ် မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူကြုံတွေ့ခဲ့တဲ့ လုပ်ကြံမှုအကြောင်း အကျယ်တဝင့် ပြောကြားသွားခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမအသုတ်ဟာ အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်း အခြေချခွင့် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။