close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ လူသားချင်း စာနာမှု မစ်ရှင်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို သုံးဖို့ အမေရိကန်ဆုံးဖြတ်

ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

The New York Times

ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အစ္စရေး နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဟက်ကာဘီးက ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ဒေသခံတွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ဖို့ စနစ်အသစ် တစ်ခုကို မိတ်ဆက် အသုံးပြုနိုင်ရေး စတင် လုပ်ဆောင်နေပြီလို့ မေလ ၉ ရက်နေ့က ပြောပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ စစ်ပွဲ ပြန်လည် စတင်နေပြီး ဒေသတစ်ခုလုံးကို အစ္စရေးက ပြန်လည် ပိတ်ဆို့ထားတာ ၂ လကျော်လွန်လာတဲ့ အခြေအနေမှာ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က အခုကိစ္စကို စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ဟက်ကာဘီးက ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှားရမ်းပြီး လူသားချင်း စာနာမှု အထောက်အပံ့တွေ ဖြန့်ဝေမယ့် အစီအစဉ်မှာ အစ္စရေးက တိုက်ရိုက်ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေး တပ်တွေကတော့ ထောက်ပံ့ရေး ပစ္စည်း ဖြန့်ဝေတဲ့ စင်တာတွေမှာ လုံခြုံရေး ယူထားပေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂဟာ ဒီအစီအစဉ်ကို အရင်ကတည်းက ကန့်ကွက်ပြီး ကျင့်ဝတ်စည်းမျဉ်းပိုင်း ချိုးဖောက်မှုမျိုး ဖြစ်လာနိုင်တယ်လို့ ဝေဖန်ထားပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေကလည်း အခုကိစ္စဟာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်ငန်းတွေကို လက်နက်လို အသုံးချလာတဲ့ သဘောဆန်တယ်လို့ ပြောပြီး ပူးပေါင်းမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျန်းလေယာကေက ဒီအစီအစဉ်မှာ သူ့ရဲ့ အဖွဲ့အစည်း ပါဝင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ UNOCHAဟာ အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေမှာပဲ ပူးပေါင်းမှာ ဖြစ်တယ်လို့လည်း သူက ဆိုတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်း တစ်ခုရဲ့ အခြေခံ စည်းမျဉ်း DNAတွေနဲ့ ခြားနားနေတဲ့ ဘယ်လို စနစ်မျိုးမှာမဆို UNOCHAက ပါဝင်စရာ အကြောင်းမရှိဘူးလို့လည်း လေယာကေက ဆက်ပြောခဲ့ပါတယ်။

အစ္စရေးဟာ မတ်လဆန်းကစလို့ ဂါဇာကို ရိက္ခာ၊ ရွက်ဖျင်တဲတွေ၊ ဆေးဝါးတွေနဲ့ လောင်စာဆီတွေ အပါအဝင် လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ဝင်ရောက်မှုကို ပိတ်ပင်ထားခဲ့ပါတယ်။

ဂါဇာမှာ လူအများကို ချက်ပြုတ် ကျွေးမွေးနေတဲ့ စင်တာတချို့ဟာလည်း ကုန်ကြမ်းနဲ့ လောင်စာ ပြတ်လပ်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တစ်ခုပြီးတစ်ခု ပိတ်သိမ်းနေရတယ်လို့ UNOCHAက ဆိုပါတယ်။ အဲဒီ စင်တာတွေဟာ အကြီးအကျယ် အကျပ်တွေ့နေတဲ့ ဂါဇာ ဒေသခံတွေအတွက် နောက်ဆုံး အားထားရာ ကောက်ရိုးမျှင်တွေ ဖြစ်တယ်လို့လည်း UNOCHAက သတိပေးထားပါတယ်။

အဲဒီစင်တာတွေထဲမှာ အမေရိကန် အခြေစိုက် ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ World Center Kitchenရဲ့ ကွင်းဆင်း ရိက္ခာဖြန့်ဝေရေး စင်တာနှစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ တစ်နေ့ကို ၁၃၃၀၀၀ နပ်စာ စီမံကျွေးမွေးနေတဲ့ စင်တာနှစ်ခုဟာ ကုန်ကြမ်းတွေ ပြတ်လပ်ကုန်ပြီ ဖြစ်တာကြောင့် အခုသီတင်းပတ် အစောပိုင်းမှာ လုပ်ငန်း ရပ်နားသွားရပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်ခြင်းနဲ့အတူ ဂါဇာမှာ စျေးတွေကလည်း ခေါင်ခိုက်အောင် မြင့်တက်နေပါတယ်။ ဥပမာ ၂၅ ကီလိုဂရမ် ဂျုံတစ်အိတ်ရဲ့ စျေးဟာ ၄၁၅ ဒေါ်လာလောက်ထိ ဖြစ်နေပါတယ်။ ဒါဟာ ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဝင်ရောက်နေခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ ယှဉ်ရင် အဆ ၃၀ ထိုးတက်သွားတာလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ-ပါကစ္စတန် စစ်ရေး ပဋိပက္ခဟာ အမေရိကန်နဲ့ ဘာမှမဆိုင်တာကြောင့် နက်နက်ရှိုင်းရှိုင်း ဝင်မပါချင်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲလိုက်တာဟာ အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့တော့ ဆက်နွှယ်မှု မရှိကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Harry S. Trumanဟာ တစ်ပတ်အတွင်း ဒုတိယမြောက် F/A-18 တိုက်လေယာဉ် တစ်စီးကို မတော်တဆ ဆုံးရှုံးခဲ့ရပြန်ပါတယ်။