ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရခဲ့သည်။
ယနေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် One Friday Fights 107 ပြိုင်ပွဲတွင် ဘရော်နီကာနှင့် ဂျူနီယာတို့သည် အမ်တန်ဝိတ်တန်း မွေထိုင်းပွဲစဥ်အဖြစ် ယှဥ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲတွင် ဘရော်နီကာသည် ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ်ကို အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီတွင် ဘယ်၊ညာ လက်သီးချက်များဖြင့် အလဲထိုးအနိုင်ရခဲ့သည်။

Public Service Announcement
ဘရော်နီကာသည် ဖေဖော်ဝါရီက ယှဥ်ပြိုင်ခဲ့သည့် One Championship ပွဲဦးထွက်တွင် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခု ဒုတိယပွဲ၌ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲ အနိုင်ရရှိခဲ့သည့် ဘရော်နီကာကို One Championshipက အပိုဆုကြေးငွေ ဘတ်သုံးသိန်းခွဲ ချီးမြှင့်ခဲ့သည်။
ဘရော်နီကာသည် ဇန်နဝါရီနောက်ဆုံးပတ်က One Championship နှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါ အချက်အလက် အရ One၏ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် Thai Fight မွေထိုင်းပြိုင်ပွဲ ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၇ ပွဲ နိုင်ပွဲရရှိထားသူ ဖြစ်ကာ One Championship ပြိုင်ပွဲ၌ နှစ်ပွဲထိုး တစ်ပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။
