လတွေနဲ့ချီ ညှိနှိုင်းမှုတွေ အပြီးမှာတော့ အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေဟာ ယူကရိန်း ပိုင်နက်ထဲက ဓာတ်သတ္တု သယံဇာတတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူ စာချုပ်ကို ဧပြီ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝါရှင်တန် ဒီစီ မြို့တော်ဆီ ရောက်ရှိလာခဲ့တဲ့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် ၁ ယူလီယာ ဆေဗာဒန်ကိုနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တို့က အဲဒီ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီမှုဟာ သယံဇာတမျိုးစုံ ပူးပေါင်း တူးဖော်မှုတွေအတွက် ရည်ရွယ်ပေမယ့် ယူကရိန်းမှာရှိတဲ့ မြေရှားသတ္တုရိုင်းတွေကို အမေရိကန်က ထုတ်လုပ် ရယူဖို့ အဓိက ရည်ရွယ်ထားတာကြောင့် ယူကရိန်း မြေရှားသတ္တု တူးဖော်ရေး စာချုပ်လို့လည်း ရည်ညွှန်း ခေါ်ဝေါ်တာတွေ ရှိပါတယ်။
မေလ ၂ ရက်နေ့ထိ အခြေအနေ အရတော့ အဲဒီ သဘောတူညီမှုပါ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ သတ္တုတူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှု သက်သက် မဟုတ်ဘဲ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းအတွက် အမေရိကန် စစ်ရေး အထောက်အပံ့တွေ ဆက်လက် ရရှိနေနိုင်ဖို့ဆိုတဲ့ အပေးအယူတွေ ပါဝင်နေတာကိုတော့ အလွယ်တကူ နားလည်နိုင်ပါတယ်။ ဆေဗာဒန်ကိုကလည်း ဒီသဘောတူညီမှုကြောင့် အမေရိကန်ဟာ လေကြောင်းကာကွယ်ရေး စနစ်တွေလို အထောက်အပံ့တွေကို ယူကရိန်းအတွက် ဆက်ပြီး ပံ့ပိုးနေမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီတော့ သတ္တု တူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်နဲ့ ပတ်သက်ပြီး သိရှိထားတဲ့၊ ဒါမှမဟုတ် သိထားသင့်တဲ့ အခြေအနေ၊ အကြောင်းအရာတွေကို အခုလို ကောက်နုတ်ကြည့်နိုင်ပါတယ်။
မြေရှားသတ္တုဆိုတာ ဘာလဲ
REMလို့ အတိုကောက် ခေါ်ဝေါ်လေ့ရှိတဲ့ မြေရှားသတ္တုတွေဟာ အားကောင်းတဲ့ သံလိုက်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သတ္တု ၁၇ မျိုးကို ခြုံငုံ ခေါ်ဝေါ်တာပါ။ အဲဒီ သတ္တုတွေဟာ ခေတ်မီ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေ၊ စစ်ရေး အသုံးအဆောင်တွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ပြီးတော့ အဲဒီ သတ္တုတွေကို အစားထိုးလို့ရမယ့် တခြားရွေးချယ်စရာလည်း မရှိပါဘူး။

Public Service Announcement
မြေရှားသတ္တုတွေလို့ ခေါ်ပေမယ့် တကယ်တမ်းတော့ အရမ်းရှားပါးတာ မဟုတ်ဘဲ အဓိက ပြဿနာက ထုတ်လုပ်မှု အပိုင်းမှာ ဖြစ်ပါတယ်။ မြေရှားသတ္တုတွေ ထုတ်လုပ်ရတဲ့ အဆင့်တွေက ရှုပ်ထွေးပြီး သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ မြေရှားသတ္တု ထုတ်လုပ်မှု အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်ထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ကို ပစ်မှတ်ထားပြီး ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲလာတဲ့အခါ တရုတ်က အမေရိကန်ဆီ မြေရှားသတ္တု တင်ပို့ခွင့်တွေကို ကန့်သတ်လိုက်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လျှပ်စစ်ကား၊ မိုဘိုင်းဖုန်းလို လူသုံးကုန်တွေကအစ တိုက်လေယာဉ်တွေ၊ ဒုံးကျည်စနစ်တွေလို စစ်လက်နက်တွေ ထုတ်လုပ်မှု အထိကိုပါ နှောင့်နှေးမှုတွေ ကြုံစေနိုင်ပါတယ်။ ဒါပေမဲ့ ယူကရိန်းမှာ မြေရှားသတ္တုသိုက်တွေ ကြွယ်ကြွယ်ဝဝ ရှိနေပြီး ထိရောက်အားကောင်းတဲ့ ထုတ်လုပ်မှုနဲ့ဆိုရင် တရုတ်ရဲ့ ပိတ်ဆို့မှုကို ကျော်လွှားနိုင်မယ်လို့ အမေရိကန်က ယုံကြည်နေတယ်။
ဘယ်လို သယံဇာတတွေကို ယူကရိန်း ပိုင်ဆိုင်ထားသလဲ
ဥရောပ သမဂ္ဂ (EU)က အထူးအရေးပါတဲ့ ဓာတ်သတ္တု အမျိုးအစားတွေလို့ သတ်မှတ်ထားတာ စုစုပေါင်း ၃၄ မျိုး ရှိပါတယ်။ အဲဒီထဲက ၂၂ မျိုးရဲ့ သတ္တုသိုက်တွေဟာ ယူကရိန်း နိုင်ငံ ပိုင်နက်ထဲမှာ တည်ရှိနေပါတယ်။ အဲဒီထဲမှာ မြေရှားသတ္တု အမျိုးအစား တချို့လည်း ပါဝင်ပါတယ်။
ယူကရိန်း ပထဝီဝင် ဌာနရဲ့ ဖော်ပြချက်အရ နိုင်ငံအနေနဲ့ လန်သန်နမ်၊ ဆီရီယမ်၊ နီယိုဒိုင်မီယမ်၊ အာဘီယမ်၊ ယက်ထရီယမ်တို့လို မြေရှားသတ္တု အနွယ်ဝင် သတ္တုသိုက်တွေကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ အဲဒီ သတ္တုတွေဟာ TVတွေ၊ လျှပ်စစ်ကား ဘက်ထရီတွေ၊ တာဘိုင်အင်ဂျင်တွေ၊ နျူကလီးယား ဓာတ်ပေါင်းဖိုတွေနဲ့ လေဆာရောင်ခြည် စနစ်တွေ ထုတ်လုပ်ဖို့ထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်ကြပါတယ်။ ယူကရိန်းမှာ စကန်ဒီယမ်လို့ခေါ်တဲ့ နောက်ထပ် မြေရှားသတ္တု အနွယ်ဝင် တစ်မျိုးလည်း ထွက်ရှိတယ်လို့ EU သုတေသန စစ်တမ်းတွေက ဖော်ပြထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။
နောက်ပြီး ယူကရိန်းမှာ လစ်သီယမ်၊ ဘယ်ရီလီယမ်၊ မန်းဂနိစ်၊ ဂယ်လီယမ်၊ ဇာကိုနီယမ်၊ ဂရာဖိုက်၊ ဖလိုရိုက်၊ နစ်ကယ်လ်၊ တိုက်တေနီယမ် သတ္တုတွေလည်း ထွက်ရှိတယ်လို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်က ဆိုပါတယ်။ ဘက်ထရီတွေ၊ ကြွေထည်နဲ့ ဖန်ထည်တွေ ထုတ်လုပ်မှုမှာ မရှိမဖြစ် လိုအပ်တဲ့ လစ်သီယမ် သတ္တုတွေက မရှိမဖြစ် လိုအပ်တယ်။ ဥရောပရဲ့ အကြီးဆုံး လစ်သီယမ် သတ္တုသိုက်တွေဟာ ယူကရိန်းမှာ တည်ရှိပြီး စုစုပေါင်း တန်ချိန် ၅ သိန်းလောက် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
လေယာဉ်တွေ တည်ဆောက်မှု အပါအဝင် ခေတ်သစ် နည်းပညာတွေမှာ အထူးလိုလားတဲ့ တိုက်တေနီယမ် သတ္တုတွေဟာ နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ ပျံ့နှံ့ တည်ရှိနေပါတယ်။ လစ်သီယမ် သတ္တုသိုက်တွေကတော့ ယူကရိန်းရဲ့ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ရှိကြတယ်။ ဘက်ထရီတွေ၊ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်မှုမှာ အထူးအရေးပါတဲ့ ဂရာဖိုက် သတ္တုတွေရဲ့ တစ်ကမ္ဘာလုံး ထွက်ရှိမှု ၅ ပုံ ၁ ပုံစာလောက်ဟာ ယူကရိန်း ပိုင်နက်ထဲမှာ ရှိနေတယ်။ ဂရာဖိုက် သတ္တုရိုင်းတွေရဲ့ သတ္တုသိုက်တွေဟာ ယူကရိန်း အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အဓိက တည်ရှိကြပါတယ်။
နောက်ပြီး ယူကရိန်းမှာ မတို့မထိရသေးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေလည်း ရှိနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ မြေရှားသတ္တု တူးဖော်ရေးလိုပဲ အဲဒီ သယံဇာတတွေကို ကိုယ်တိုင် ဖော်ထုတ် ရယူဖို့ အတွက်ဆိုရင် စစ်ဒဏ်သင့် ယူကရိန်းအတွက်တော့ ကန့်သတ်ချက်တွေ အများကြီး ကြုံရမှာပါ။
ယူကရိန်းမှာ ကျောက်မီးသွေးတွင်းတွေ တော်တော်များများလည်း ရှိပေမယ့် လောလောဆယ်တော့ ရုရှားရဲ့ ထိန်းချုပ်မှုအောက် ကျရောက်နေပါတယ်။ စစ်ဖြစ်နေတဲ့ ယူကရိန်းရဲ့ အခြေအနေအရ မြေရှားသတ္တုတွေကို ကိုယ်တိုင် ထုတ်လုပ်ဖို့တော့ လောလောဆယ် မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ယူဆထားတယ်။ ဒီအခြေအနေမှာ အမေရိကန်က ကြားဝင်လာတဲ့ သဘောပါပဲ။
သဘောတူညီချက်တွေက ဘာလဲ
အသေးစိတ် မကြေညာသေးပေမယ့် သတ္တု သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ၅၀ ရာခိုင်နှုန်းစီ ခွဲဝေကြမှာ ဖြစ်တယ်လို့ ဆေဗာဒန်ကိုက ပြောထားပါတယ်။ ပြီးတော့ သယံဇာတသိုက်တွေကိုလည်း ယူကရိန်းရဲ့ ပိုင်ဆိုင်မှုအဖြစ် အမေရိကန်က ဆက်လက် အသိအမှတ် ပြုထားမှာပါ။ နောက်တစ်ချက်က စစ်ပွဲကာလတလျှောက် ယူကရိန်းကို အမေရိကန်က တစ်ဖက်သတ် ထောက်ပံ့ခဲ့ရပါတယ်လို့ ထရမ့်က စွပ်စွဲခဲ့တဲ့ ဒေါ်လာ ၃၅၀ ဘီလီယံလောက်ကို ယူကရိန်းက ပြန်ပေးစရာ မလိုတော့ပါဘူး။
တစ်ဖက်မှာလည်း ယူကရိန်းမှာ သတ္တုတွေအပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်မှုတွေ အတွက်ပါ အမေရိကန်ကို ခွင့်ပြုပေးမယ်လို့ စာချုပ်ထဲမှာ ပါရှိပါတယ်။ ဒါက ယူကရိန်းဖက်က အလျှော့ပေး လိုက်လျောမှုလို့ သတ်မှတ်နိုင်ပြီး စာချုပ် မူကြမ်း အဆင့်မှာတုန်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကိစ္စတွေ မပါဝင်ခဲ့ပါဘူး။
အဲဒီ သဘောတူညီမှုအကြောင်း နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ ထရမ့် သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းနဲ့ အနီးကပ်ဆုံး ရပ်တည်တယ်ဆိုတဲ့ သဘောထားမျိုးကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်လို့ သုံးနှုန်းခဲ့သလို ယူကရိန်း သယံဇာတတွေကို ကျူးကျော်စစ် ဆင်နွှဲတဲ့၊ ထောက်ပံ့တဲ့၊ ကူညီတဲ့ ဘယ်နိုင်ငံ၊ ဘယ်လူပုဂ္ဂိုလ်မှ ကောင်းကျိုးခံစားခွင့် မရစေရဘူးလို့လည်း ဖော်ပြထားခဲ့ပါတယ်။
နောက်ပြီး စစ်ပြီးကာလ ယူကရိန်းနိုင်ငံ ပြန်လည် ထူထောင်ရေး ရန်ပုံငွေ တစ်ရပ်ကိုလည်း အမေရိကန်က ပူးပေါင်း ရင်းနှီးမြှုပ်နှံပေးသွားမှာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ လွတ်လပ်တဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံရဲ့ ရပ်တည်မှုကို လိုလားတယ်လို့လည်း နှစ်ဖက် ကြေညာချက်တွေမှာ ပါရှိခဲ့ပါတယ်။
သဘောတူညီချက်အရ အမေရိကန်ဟာ လေကြောင်းကာကွယ်ရေး စနစ်တွေလို အထောက်အပံ့ အသစ်တွေကို ယူကရိန်းအတွက် ဆက်လက် ပံ့ပိုးလိမ့်မယ်လို့ ဆေဗာဒန်ကိုက ပြောပေမယ့် အမေရိကန်ဖက်က ချက်ချင်း အတည်ပြုထားတာမျိုး မရှိသေးဘူး။
ဆေဗာဒန်ကိုက ညှိနှိုင်းမှုတွေ ကြာမြင့်နေခဲ့တာဟာ သဘောတူညီမှု တစ်ခုချင်းစီက ယူကရိန်းရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီတာ သေချာအောင် ညှိနှိုင်း လုပ်ဆောင်နေရတာကြောင့်လို့ ပြောပါတယ်။ ယူကရိန်းဟာ ဒီသဘောတူညီမှုကို အကြောင်းပြုပြီး နိုင်ငံရဲ့ လုံခြုံရေးကို အမေရိကန် အစိုးရက အာမခံချက် ပေးဖို့ ညှိနှိုင်း တောင်းဆိုခဲ့ပေမယ့် အပြီးသတ် သဘောတူညီမှု အရတော့ အမေရိကန်ဟာ ယူကရိန်းအတွက် ဘာလုံခြုံရေး အာမခံချက်မှ ကတိမပြုခဲ့ပါဘူး။
ရုရှားလက်ထဲမှာ ယူကရိန်း သယံဇာတသိုက်တွေ ရှိနေသလား
သုံးနှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲဟာ ယူကရိန်းနိုင်ငံကို အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံအကျယ်အဝန်းရဲ့ ငါးပုံတစ်ပုံလောက်ဟာ ရုရှားလက်ထဲ ကျရောက်နေတယ်။ အဲဒီထဲမှာ ယူကရိန်းပိုင် ကျောက်မီးသွေးတွင်းတွေ အများအပြားလည်း ပါသွားပါတယ်။ အဲဒီ ကျောက်မီးသွေး တွင်းတွေဟာ စစ်ပွဲမတိုင်ခင်တုန်းက ယူကရိန်းရဲ့ သံမဏိ ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အဓိက အကျဆုံး လောင်စာရင်းမြစ် ဖြစ်ခဲ့တယ်။
နောက်ပြီး ယူကရိန်းရဲ့ သတ္တုရိုင်းသိုက်တွေထဲက စုစုပေါင်း ၄၀ ရာခိုင်နှုန်းလောက်ထိ ရုရှားထိန်းချုပ်တာ ခံထားရပြီလို့ ယုံကြည်ရတယ်။ စစ်ပွဲအတွင်းမှာ ရုရှားဟာ အနည်းဆုံး ယူကရိန်းရဲ့ လစ်သီယမ် သတ္တုတွင်း နှစ်ခုကို သိမ်းယူခဲ့ပြီးပါပြီ။ ဒါပေမဲ့ ယူကရိန်း လက်ထဲမှာလည်း လစ်သီယမ် သတ္တုမိုင်းတွင်းတွေ ကျန်နေဆဲပါပဲ။
ယူကရိန်းအတွက် ဘယ်လို အကျိုးရှိမလဲ
ယူကရိန်း ပိုင်နက်ထဲက သဘာဝ သယံဇာတတွေကို တူးဖော်ထုတ်လုပ်ခွင့် ရသွားခြင်းဟာ အမေရိကန် အတွက်တော့ ကြိမ်းသေပေါက် အမြတ်ထွက်ခဲ့တာ သံသယရှိဖို့ မလိုပါဘူး။ ထရမ့်ကလည်း ဒီအခြေအနေ ဖြစ်လာအောင် ယူကရိန်းကို အများကြီး ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုသဘောတူညီမှုကနေ ယူကရိန်း အတွက်လည်း ကောင်းကျိုးတွေ ရနိုင်မှာ ဖြစ်တယ်လို့ ယူကရိန်း စီးပွားရေး ဒုတိယ ဝန်ကြီး အိုလက်ဆီ ဆိုဘိုလက်ဗ်က ပြောပါတယ်။
ယူကရိန်း အစိုးရဟာ ပြည်တွင်းက အရေးပါတဲ့ သတ္တုတွေ တူးဖော် ထုတ်လုပ်ခွင့်အတွက် အမေရိကန်နဲ့သာ မကဘဲ ဗြိတိန်၊ ပြင်သစ်၊ အီတလီ နိုင်ငံတွေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုတယ်။ အဲဒီ ဓာတ်သတ္တုတွေ ထုတ်လုပ်မှုမှာ ၂၀၃၃ ခုနှစ်ကျရင် ပြည်ပ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၂ ဘီလီယံကနေ ၁၅ ဘီလီယံထိ မြင့်တက်လာဖို့ ယူကရိန်း အစိုးရက မျှော်လင့်ထားပါတယ်။
ပြီးတော့ စစ်ပြီးကာလ ယူကရိန်းမှာလည်း နိုင်ငံသားတွေအတွက် အလုပ်အကိုင် နေရာသစ်တွေ ဖန်တီးလာနိုင်ပါတယ်။ ယူကရိန်းဟာ စျေးနှုန်းသင့်တင့်တဲ့ လုပ်သားရင်းမြစ်၊ ဖွံ့ဖြိုးပြီး အခြေခံ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ရုရှားနဲ့ နယ်မြေခွဲဝေမှုလို ကိစ္စမျိုးတွေက ဆက်လက် ရှုပ်ထွေးနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဖက်က တွန့်ဆုတ်တဲ့ အခြေမအနေတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ယူကရိန်းမှာ သတ္တု တူးဖော်ရေးဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အင်တိုက်အားတိုက် ဆွဲဆောင်ပေးဖို့ ကတိပြုထားပါတယ်။
ရုရှားက ဘာပြောသလဲ
အမေရိကန်နဲ့ ယူကရိန်းကြား သဘောတူ စာချုပ်အပြီး ၄၈ နာရီလောက် ကြာတဲ့အထိတော့ ရုရှားအစိုးရက ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။ ဒါပေမဲ့ နှစ်ဆန်းပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သူဟာ အမေရိကန်နဲ့ သယံဇာတ တူးဖော်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေအတွက် ထရမ့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပူတင်ရဲ့ မှတ်ချက်ထဲမှာ ရုရှားရဲ့ နယ်မြေသစ်တွေ ဆိုတဲ့ အသုံးအနှုန်း ပါဝင်ခဲ့တယ်။ ဒါဟာ ရုရှား သိမ်းပိုက်ထားရာ ယူကရိန်း နယ်မြေတွေထဲက သယံဇာတသိုက်တွေကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
နောက်ပြီး မြေရှားသတ္တုတွေ ထုတ်လုပ်ဖို့ အမေရိကန်နဲ့ ယူကရိန်း ပူးပေါင်း အလုပ်လုပ်ကြမယ် ဆိုရင်လည်း ရုရှားအတွက် ဘာစိုးရိမ်စရာမှ ရှိမှာ မဟုတ်ဘူးလို့ ပူတင်က ပြောခဲ့ဖူးပါတယ်။
တစ်ဖက်မှာလည်း သမိုင်းကြောင်းအရ ရုရှားပိုင်နက်တွေ ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာတော့ ရုရှားအတွက် နယ်မြေသစ်တွေ အနေနဲ့ လာရောက်ပေါင်းစည်းတဲ့ ဒေသတွေထဲမှာ သယံဇာတ တူးဖော် ထုတ်လုပ်ရေးအတွက် ရုရှားကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ ကိုယ်ပိုင် အစီအမံတွေ ရှိနေကြောင်း ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။
