ကျိန်စာတစ်ခုလို့တောင် ရည်ညွှန်းခံရတဲ့ ရွေးကောက်ပွဲရောက်တိုင်း လက်ရှိ အစိုးရ အဖွဲ့တွေ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကို ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိဇ်က ကျော်လွှားနိုင်ခဲ့ပြီး သောင်ပြိုကမ်းပြို ရလဒ်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။
ဩစတြေးလျ ရွေးကောက်ပွဲတွေမှာ လက်ရှိ အာဏာရ ပါတီတွေ အခြေအနေ မကောင်းတတ်တာက အစဉ်အလာ တစ်ခုလို ဖြစ်နေပြီး incumbency curseလို့တောင် ရည်ညွှန်းခံရလေ့ ရှိပါတယ်။ ဒါပေမဲ့ အန်လ်ဘန်နိဇ်ကတော့ လေဘာပါတီနဲ့အတူ ရွေးကောက်ပွဲမှာ အထူး အခြေအနေကောင်းခဲ့တာ ဖြစ်ပါတယ်။
မဲတွေ ရေတွက်နေမှု မပြီးဆုံးသေးပေမယ့် ဗဟိုလက်ဝဲယိမ်း လေဘာပါတီဟာ လက်ရှိထက်တောင် လွှတ်တော်အမတ်နေရာ ခွဲတမ်း ပိုမိုရရှိပြီး အဓိက ပြိုင်ဘက် လစ်ဘရယ်-အမျိုးသားရေး မဟာမိတ် အင်အားစုကို အသာစီး ယူနိုင်ဖို့ သေချာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အခုနှစ် ဩစတြေးလျ ရွေးကောက်ပွဲအပေါ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သဘောတရားရေးရာ လွှမ်းမိုး သက်ရောက်မှုတွေလည်း ရှိခဲ့ပြီး လက်ယာစွန်း အမျိုးသား အင်အားစုတွေက ထရမ့်ရဲ့ နိုင်ငံရေး အတွေးအမြင်တွေကို ကိုးကား ကျင့်သုံးသင့်တယ်ဆိုတဲ့ သဘောထားမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လေဘာပါတီကို တစ်နိုင်ငံလုံး အတိုင်းအတာမှာ အရေးနိမ့်ကုန်ကြတာ ဖြစ်ပါတယ်။

Public Service Announcement
ဩစတြေးလျ ပြည်သူတွေဟာ နိုင်ငံရဲ့ အနှစ်သာရ တန်ဖိုး အစစ်အမှန်ကို ပြသခဲ့ကြောင်း၊ မျှတမှု၊ သာတူညီမျှရှိမှုတွေအတွက် လူထုက မဲပေးခဲ့ပြီး ရန်လိုမှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိမျိုး၊ လိုအပ်နေသူတွေကို ဖေးမတဲ့ ကြင်နာမှုမျိုးကိုလည်း မြင်သာစေခဲ့ကြောင်း အယ်လ်ဘန်နိဇ်က မေလ ၃ ရက်နေ့၊ ရွေးကောက်ပွဲ ရလဒ်တွေ ထင်သာမြင်သာ ရှိလာပြီးချိန်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။
လစ်ဘရယ်-အမျိုးသားရေး မဟာမိတ် အင်အားစု ခေါင်းဆောင် ပီတာ ဒတ်တန်က ခါးသီးတဲ့ ရွေးကောက်ပွဲ အရှုံးအတွက် သူဟာ အပြည့်အဝ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒက်တန် ကိုယ်တိုင်တောင်မှ ၂၄ နှစ်တိုင်တိုင် အနိုင်ရထားတဲ့ လွှတ်တော်အမတ် နေရာကို အခုနှစ် ရွေးကောက်ပွဲမှာ စွန့်လွှတ်လိုက်ရပါတယ်။
ဩစတြေးလျမှာ ပါတီတစ်ခုက ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် နိုင်တာဟာ တော်တော်ကြီး ရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်သလို အယ်လ်ဘန်နိဇ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်နိုင်တဲ့ ပထမဆုံး ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဝင်လာခဲ့ပါတယ်။
လက်ရှိ အခြေအနေအရ လေဘာပါတီဟာ အမတ်နေရာ ၈၆ ခုထိ အနည်းဆုံး အနိုင်ရဖို့ သေချာနေပြီး ပြိုင်ဘက် ညွန့်ပေါင်း အင်အားစုကတော့ အမတ်နေရာ ၄၀ သာ ရရှိထားပါတယ်။ ဂရင်းပါတီကတော့ အမတ်နေရာ ၁ ခု၊ ၂ ခုလောက်သာ ရဖွယ်ရှိပါတယ်။ ဒါဟာ လက်ရှိ လွှတ်တော် အမတ်နေရာ ခွဲတမ်းတွေမှာ လေဘာပါတီက သိသိသာသာ အရေအတွက် တိုးလာပြီး ဂရင်းပါတီကတော့ တော်တော်ကြီး ကျဆင်းသွားစေတယ် ဆိုတာကို မြင်သာလာစေခဲ့ပါတယ်။
အခုနှစ် ဩစတြေးလျ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ နိုင်ငံရဲ့ နေထိုင်မှုစရိတ် ကြီးမြင့်လာတဲ့ ပြဿနာကို ဖြေရှင်းရေးဟာ ပါတီ အသီးသီးရဲ့ အဓိက မဲဆွယ် မူဝါဒတွေ ဖြစ်ခဲ့ပြီး စွမ်းအင်ဖူလုံရေး၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ကိုင်တွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ရွှေ့ပြောင်းအခြေချမှု ကဏ္ဍတွေကလည်း အရေးပါခဲ့ပါတယ်။
အယ်လ်ဘန်နိဇ်က နိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍကို ပိုမိုထိရောက် အားကောင်းအောင်၊ စရိတ်သက်သာအောင် ကြိုးစားပေးဖို့၊ ဩစတြေးလျ နိုင်ငံသားတွေ အိမ်ဝယ်ယူနိုင်စွမ်း ပိုမြင့်လာအောင် စီစဉ်ပေးဖို့ မဲဆွယ်ကတိတွေ ပေးခဲ့ပါတယ်။
အသက် ၆၂ နှစ်အရွယ် အယ်လ်ဘန်နိဇ်ဟာ ၂၀၁၉ ခုနှစ်မှာ လေဘာပါတီရဲ့ ခေါင်းဆောင် ဖြစ်လာပြီး ဩစတြေးလျ ဝန်ကြီးချုပ် ရာထူးကိုတော့ ၂၀၂၂ ခုနှစ် ကတည်းက စတင် တာဝန်ယူနေခဲ့တာလို့ သိရပါတယ်။
