စင်ကာပူ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ပြည်သူ့ လှုပ်ရှားမှုပါတီ (PAP)ကပဲ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆယ်စုနှစ် ၆ ခုကြာ ကြီးစိုးထားမှုကို သက်တမ်း ထပ်မံ ချဲ့ထွင်နိုင်ခဲ့ပါတယ်။
အရှေ့တောင် အာရှ ဒေသတွင်းမှာ အဓိက ကုန်သွယ်ရေးနဲ့ စီးပွားရေး ရပ်ဝန်းတစ်ခု ဖြစ်နေတဲ့ မြို့ပြနိုင်ငံလေးမှာ PAPဟာ ရွေးကောက်ပွဲ ၁၄ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ PAPဟာ ၁၉၆၅ ခုနှစ်မှာ စင်ကာပူ လွတ်လပ်ရေး ရလာချိန် ကတည်းက တောက်လျှောက် အုပ်ချုပ်လာတဲ့ အာဏာရ ပါတီပါ။
စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်လက်ထက် ပထမဆုံး ကြုံတွေ့တဲ့ ရွေးကောက်ပွဲမှာတော့ PAPဟာ အခြေအနေ ကောင်းခဲ့ပြီး ရှိရင်းစွဲထက်တောင်မှ လွှတ်တော်ထဲမှာ ပိုပြီး ထိန်းချုပ်ခွင့်တွေ ရလာတော့မှာ ဖြစ်ပါတယ်။ အတိုက်အခံတွေဟာ အရင်က PAPအပေါ် စိန်ခေါ်နိုင်ခဲ့တဲ့၊ အသာစီး အခြေအနေတွေ ရယူနိုင်ခဲ့တဲ့ မဲဆန္ဒနယ် တချို့မှာပါ မျက်နှာပျက်စရာတွေ ကြုံခဲ့ပြီး နောက်ဆုံးမှာတော့ PAPဟာ စုစုပေါင်း လွှတ်တော်အမတ် နေရာ ၉၇ ခုထဲက ၈၇ ခုကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတုန်းကတောင် စင်ကာပူ ဝန်ကြီးချုပ် (ဟောင်း) လီရှန်လွန်း ဦးဆောင်တဲ့ PAPဟာ အမတ်နေရာ ၈၃ ခုသာ အနိုင်ရခဲ့တာပါ။ မေလ ၃ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်ကြောင့် PAP အနေနဲ့ အစိုးရ မူဝါဒတွေ အကောင်အထည် ဖော်ရာမှာ လွှတ်တော်ရဲ့ ပိုပြီး ခိုင်မာအားကောင်းတဲ့ ထောက်ခံမှုတွေကို ရရှိလာတော့မယ့် အဓိပ္ပါယ်ပါပဲ။

Public Service Announcement
အတိုက်အခံ အင်အားစုတွေ အနေနဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ PAPကို ထိထိရောက်ရောက် ဖိအားပေးနိုင်ဖို့ မျှော်လင့် ပြင်ဆင်ထားခဲ့ပေမယ့် ခက်ခဲ ရှုပ်ထွေးလာတဲ့ ကမ္ဘာ့အခင်းအကျင်းတွေမှာတော့ ပြည်သူတွေဟာ အာဏာရ ပါတီကိုပဲ အားကိုး ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမေရိကန် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲတွေကနေ စတင်လာတဲ့ ကမ္ဘာ့စီးပွားရေး ဂယက်ထမှုတွေမှာ PAPကသာ အထိရောက်ဆုံး ပဲ့ကိုင်ဖြတ်သန်းနိုင်မယ်လို့ မဲဆန္ဒရှင် အများစုက ယူဆခဲ့ကြပါတယ်။
စင်ကာပူ လူဦးရေ ၆ သန်းဟာ လက်ရှိ အချိန်ထိတော့ တခြားပါတီ အုပ်ချုပ်တဲ့ အစိုးရမျိုးကို မကြုံဖူးသေးပါဘူး။ ရွေးကောက်ပွဲတိုင်းမှာ PAPဟာ လွှတ်တော်အမတ် နေရာ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ထိ အနိုင်ရလေ့ ရှိခဲ့ပါတယ်။ PAPဟာ လူထုအမြင် စစ်တမ်းတွေနဲ့ ပတ်သက်ရင် အထူးအလေးထား ဂရုစိုက်လေ့ရှိပြီး ပါတီအပေါ် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်ကိုးစားမှု ညွှန်ကိန်းအဖြစ် မှတ်ယူ စောင့်ကြည့်လေ့ ရှိပါတယ်။
စင်ကာပူ သမိုင်းတလျှောက် စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာသူ ဝေါင်ဟာ သူ့ရဲ့ အစိုးရ သက်တမ်းအတွင်း ထူးကဲကောင်းမွန်တဲ့ အမွေအနှစ်မျိုး ချန်ထားဖို့ ရည်ရွယ်ကြောင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံခေါင်းဆောင် နေရာကို လက်လွှဲယူခဲ့သူ အသက် ၅၂ နှစ်အရွယ် အနောက်တိုင်း ခေတ်ပညာတတ် ဝေါင်က စင်ကာပူ အစိုးရမှာ မျိုးဆက်သစ်၊ သွေးသစ်တွေ ဦးဆောင်ပြီး အုပ်ချုပ်မှု ပုံစံကိုလည်း အသစ်ပြောင်းလဲပေးနိုင်စေရမယ်လို့ ကတိပြုထားပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် သူဦးဆောင်တဲ့ အစိုးရဟာ စင်ကာပူရဲ့ လူနေမှုစရိတ် မြင့်တက်လာမှု၊ အိမ်ရာ နည်းပါးလာမှုလို ပြည်တွင်း ပြဿနာတွေ၊ နိုင်ငံစီးပွားရေး ကျဆင်းပြီး အလုပ်အကိုင် ဆုံးရှုံးမှုတွေ ထူထပ်လာနိုင်တဲ့ အလားအလာတွေ၊ အမေရိကန်ရဲ့ ကုန်သွယ်ခွန် မြှင့်တင် စည်းကြပ်မှု အပါအဝင် နိုင်ငံခြားရေး အကျပ်အတည်းတွေကို ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့နောက် ဝေါင်က ပြည်သူတွေဆီက အားကောင်းတဲ့ ယုံကြည် ထောက်ခံမှု ရခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ PAPဟာ အဲဒီ ယုံကြည်မှုတွေကို လေးစား တန်ဖိုးထားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: Reuters
