ဘရာဇီး နိုင်ငံမှာ ကျင်းပမယ့် လေဒီဂါဂါရဲ့ အခမဲ့ ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုကို ပရိသတ် သန်းနဲ့ချီ တက်ရောက်မယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။
အဲဒီ ဖျော်ဖြေပွဲအတွက် ကုန်ကျစရိတ်တွေကို ရီယိုဒီဂျနေရိုး မြို့တော် အုပ်ချုပ်ရေး အဖွဲ့က ပေးချေထားတာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ မြို့ရဲ့ ကမ္ဘာလှည့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ဖို့ ဖြစ်ပါတယ်။ မေလ ၄ ရက်နေ့ (ဒေသစံတော်ချိန် မေလ ၃ ရက်နေ့ ညပိုင်း)မှာ ရီယိုမြို့ရဲ့ နာမည်ကျော် ကိုပါကာဘာနာ ကမ်းခြေမှာ ကျင်းပမယ့် ဖျော်ဖြေပွဲကြောင့် ရောက်ရှိလာမယ့် ခရီးသွား ဧည့်သည်တွေဆီကနေ ဒေါ်လာ သန်း ၁၀၀ လောက် ဝင်ငွေ ရရှိဖို့ ရီယိုမြို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။
ဂါဂါရဲ့ ပရိသတ်တွေဟာ မနက်အစောကြီး ကတည်းက ကြိုရောက်နေပြီး ကမ်းခြေဆီ ဝင်ရောက်ခွင့်အတွက် တန်းစီ စောင့်ဆိုင်းနေကြတာကိုလည်း တွေ့ရပါတယ်။ ပွဲစီစဉ်သူတွေက အခု ဖျော်ဖြေပွဲကို ပရိသတ် ၁.၆ သန်းလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ရီယိုမြို့က ဖျော်ဖြေပွဲဟာ ဂါဂါရဲ့ အဋ္ဌမမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Mayhemရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ နယ်လှည့် ဖျော်ဖြေနေမှုတွေရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာပါတယ်။

Public Service Announcement
အခမဲ့ ဖျော်ဖြေပွဲအတွက် လုံခြုံရေး အစီအမံတွေကိုလည်း တင်းကျပ်ထားပြီး ရဲဝန်ထမ်း ၅၀၀၀ လောက်ကို ကမ်းခြေအနှံ့မှာ ဖြန့်ကျက်ထားသလို သတ္တု ထောက်လှမ်းရှာဖွေတဲ့ ကိရိယာတွေ အသုံးပြုပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အာဏာပိုင်တွေက ဖျော်ဖြေပွဲအတွင်းမှာ မျက်နှာမှတ်သားမှု စနစ်ပါတဲ့ ကင်မရာတွေ၊ ဒရုန်းတွေကိုပါ အသုံးပြုပြီး မျက်ခြေမပြတ် စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေဖို့ ရဲတွေကို တိုက်တွန်းထားပါတယ်။
ရီယိုမှာ အခမဲ့ ဖျော်ဖြေပွဲ ကျင်းပတဲ့ ကမ္ဘာကျော် ဂီတကြယ်ပွင့်တွေထဲမှာ ဂါဂါက ပထမဆုံး တစ်ဦးတော့ မဟုတ်ပါဘူး။ မက်ဒေါနားဟာလည်း ၂၀၂၄ ခုနှစ်၊ မေလတုန်းက ကိုပါကာဘာနာ ကမ်းခြေမှာ အလားတူ ဖျော်ဖြေပွဲမျိုး ကျင်းပခဲ့ပြီး အဲဒီတုန်းကလည်း မြို့တော် အုပ်ချုပ်ရေး အဖွဲ့ကပဲ ငွေကြေး အကုန်အကျ ခံခဲ့ပါတယ်။
မေလ ၄ ရက်နေ့ ဖျော်ဖြေပွဲအတွက် ဘရာဇီးနိုင်ငံ အနှံ့မှာ ရှိနေတဲ့ ဂါဂါ ပရိသတ်တွေဟာ ရီယိုကို တကူးတက ခရီးနှင်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပရိသတ်ဦးရေ အရမ်းများပြားလွန်းတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံမလာအောင် ထိန်းသိမ်းဖို့က လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း ထောင့်စေ့အောင် အသေးစိတ် ပြင်ဆင်နေရတာ ဖြစ်ပါတယ်။
ကိုးကား: BBC
