အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝေါ့ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
လူမှုကွန်ရက် မီဒီယာပေါ်မှာတော့ ထရမ့်က ဝေါ့ဇ်ရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ရေးသားထားပြီး လစ်လပ်သွားတဲ့ ရာထူးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ပူးတွဲ တာဝန်ယူထားမယ်လို့ ဆိုပါတယ်။
ဝေါ့ဇ်ကိုတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြုဖို့ စီစဉ်ထားတယ်လို့လည်း ထရမ့်က ရေးသားထားခဲ့ပါတယ်။ ဝေါ့ဇ်ဟာ အိမ်ဖြူတော်ကို ထရမ့်ပြန်ရောက်လာပြီး ၁၀၂ ရက် အကြာမှာပဲ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပါ။ ထရမ့်ရဲ့ အတွင်းစည်း အရာရှိတွေထဲမှာတော့ သူဟာ ပထမဆုံး ထုတ်ပယ်ခံရသူ ဖြစ်လာပါတယ်။
ဝေါ့ဇ်ဟာ ယီမင်အခြေစိုက် ဟိုသီလက်နက်ကိုင် အင်အားစုတွေကို အမေရိကန်က တိုက်ခိုက်မယ့်ကိစ္စ ဆွေးနွေးကြတဲ့ Signal group chat တစ်ခုထဲကို Atlantic မဂ္ဂဇင်း အယ်ဒီတာချုပ်ကို မှားယွင်း ထည့်သွင်းမိခဲ့တဲ့ ကိစ္စကြောင့် နိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီကိစ္စကြောင့် အမေရိကန် အစိုးရ ထိပ်ပိုင်းအရာရှိတွေဟာ ထိပ်တန်းလျှို့ဝှက်အဆင့် စစ်ရေးကိစ္စတွေကို တရားဝင် သတ်မှတ်ထားတဲ့ လမ်းကြောင်းမျိုးမှာ မဟုတ်ဘဲ ဆွေးနွေးကြသလားဆိုတဲ့ အပြင်းအထန် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။
အဲဒီပေါက်ကြားမှုဟာ အမေရိကန် အစိုးရအတွက် နိုင်ငံရေးအရ အရှက်ရစရာလည်း ဖြစ်လာခဲ့ပါတယ်။ Signal group chatထဲမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်အပြင် ဝန်ကြီးတချို့နဲ့ တခြား အရာရှိကြီးတွေပါ ပါဝင်နေခဲ့တာပါ။
ဖလော်ရီဒါပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ်ဟောင်း ဝေါ့ဇ်ဟာ သူ့ဘဝတလျှောက် စစ်မြေပြင်မှာ ယူနီဖောင်းဝတ်ပြီး၊ လွှတ်တော်တက်ပြီး၊ ပြီးတော့ အိမ်ဖြူတော်မှာ အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် တာဝန်ယူပြီး နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အစွမ်းကုန် တာဝန်ကျေခဲ့ကြောင်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။
ဝေါ့ဇ်ကတော့ ထရမ့်ဆီက ကြေညာချက် screenshot တစ်ခုနဲ့အတူ သမ္မတ ထရမ့်နဲ့ ထူးကဲခမ်းနားတဲ့ နိုင်ငံအတွက် ဆက်ပြီး အမှုထမ်းခွင့် ရနေမယ့်အတွက် အထူးဂုဏ်ယူတယ်ဆိုတဲ့ စာသားကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပါတယ်။
ထရမ့်ဟာ ဝေါ့ဇ်ကို အမျိုးသား လုံခြုံရေး အကြံပေး နေရာကနေ မဖယ်ရှားခင် နာရီပိုင်း အလိုမှာ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လက်ရှိ ရာထူးကနေ ဝေါ့ဇ်ဖယ်ရှား ခံရတာဟာ Signal group chat ပေါက်ကြားမှု ပြဿနာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အတွင်းပိုင်းနဲ့ ဌာနဆိုင်ရာ တခြားအငြင်းပွားစရာ အခြေအနေ တချို့ကြောင့်လည်း ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ထရမ့်ဟာ ဝေါ့ဇ်ကို ပုဂ္ဂိုလ်ရေး လေးစားခင်မင်မှု ရှိတာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်စေမယ့် ထုတ်ပယ်မှုအစား တခြား အဆင့်မြင့် ရာထူးသစ် တစ်ခုကို ပြောင်းလဲ ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဝေါ့ဇ်ဟာ ရာထူးသစ်အတွက် အထက်လွှတ်တော် အတည်ပြု ထောက်ခံချက် ရရှိဖို့ ခက်ခဲနိုင်ပြီး အဲဒီ အခြေအနေမှာတော့ အမေရိကန် အစိုးရဟာ သူ့ကို ထုတ်ပယ်စရာ မလိုဘဲ ဖယ်ရှားလို့ ရသွားနိုင်တယ်လို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။
ဝေါ့ဇ်ရဲ့ လက်ထောက်ဖြစ်တဲ့ အဲလက်စ်ဝေါင်ရဲ့ ရာထူးနေရာကတော့ ဘာဆက်ဖြစ်မလဲ ဆိုတာ မသေချာသေးပါဘူး။ သူဟာ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်း ကတည်းက အတူလက်တွဲ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဝါရင့် ပညာရှင် တစ်ဦးဖြစ်ပြီး Signal group chatထဲမှာ အတူရှိနေခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: BBC
