ချီလီနိုင်ငံ တောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြီးမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပေမယ့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။
မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီးဟာ ချီလီတောင်ဖက်စွန်းက ဟွန်းအငူနားမှာရှိတဲ့ ဒရိတ်ခ် ရေလက်ကြားကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဟာ ပင်လယ်ကြမ်းပြင် မြေတိမ်ပိုင်းကို ဦးတည်ခဲ့တာကြောင့် ချီလီနဲ့ အိမ်နီးချင်း အာဂျင်တီးနားတို့မှာ သိသိသာသာ ပြင်းထန်တဲ့ သက်ရောက်မှုကို ခံခဲ့ရပြီး လူတွေဟာ အိမ်တွေထဲကနေ အလန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။
ပြီးတော့ နှစ်နိုင်ငံရဲ့ အာဏာပိုင်တွေက ကမ်းရိုးတန်း ဧရိယာ တချို့မှာ အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပြီး ဒေသခံတွေကို ကုန်းမြင့်ပိုင်းဆီ ရွှေ့ပြောင်းစေခဲ့ပါတယ်။ နာရီတချို့ ကြာမြင့်ပြီးတဲ့ အချိန်မှာတော့ အဲဒီ သတိပေးချက်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
ငလျင်ကြောင့် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုမျိုးနဲ့ အသေအပျောက်တွေ မရှိခဲ့ပေမယ့်လည်း နောက်ဆက်တွဲ ငလျင်ငယ်တွေ အရေအတွက် ဒါဇင်တွေနဲ့ချီ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် အာဂျင်တီးနားနဲ့ ချီလီတို့မှာ လူတွေ အများအပြားဟာ အိမ်တွေထဲ ပြန်မဝင်ရဲဘဲ လမ်းပေါ် ထွက်နေကြပါတယ်။

Public Service Announcement
ဆူနာမီ သတိပေးချက်ကို ဖယ်ရှားလိုက်ပြီ ဖြစ်ပေမယ့်လည်း ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေဆီက တရားဝင် ကြေညာချက်တွေကို အချိန်နဲ့ တပြေးညီ စောင့်ဆိုင်း နားထောင်နေဖို့ အရမ်း အရေးကြီးတယ်လို့ ချီလီ သမ္မတ ဂေဘရီရယ်လ် ဘိုရစ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အစောပိုင်း သတိပေးချက်မှာတော့ ၁၀ ပေကျော်လောက်မြင့်တဲ့ ဆူနာမီ ရေလှိုင်းတွေဟာ ချီလီနဲ့ အာဂျင်တီးနား ကမ်းရိုးတန်း ဧရိယာ တချို့ကို ရိုက်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားခဲ့ပါတယ်။ ချီလီ မီဒီယာတွေက ဆူနာမီဒဏ် ကြုံတွေ့နိုင်တဲ့ အန္တရာယ် အကြီးဆုံး နေရာတစ်ခုလို့ သတ်မှတ်ထားရာ ပွန်တာ အရီနက်စ်မြို့မှာ ဒေသခံတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ရွှေ့ပြောင်းနေခဲ့ကြတဲ့ မှတ်တမ်း ဗီဒီယိုတွေကို ပြသခဲ့ပါတယ်။
တခြား သတိပေး ကြေညာချက် ထုတ်ပြန်ရာ မြို့တစ်မြို့ဖြစ်တဲ့ ပွာတို ဝီလီယမ်စ်မှာ ရဲအရာရှိ တစ်ယောက်က ဘီးတပ် ကုလားထိုင်ပေါ် ထိုင်နေတဲ့ အမျိုးသား တစ်ဦးကို တောင်စောင်းအတိုင်း တွန်းတင်ပေးနေတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ ချီလီမှာ လူပေါင်း ၂၀၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသလို အန္တာတိကတိုက်မှာ ရှိနေတဲ့ ချီလီရဲ့ သုတေသန စခန်းတွေမှာလည်း လူ ၃၀ ကျော်ကို ယာယီ ရွှေ့ပြောင်းစေခဲ့ရပါတယ်။
ချီလီဟာ ပထဝီဝင် အနေအထားအရ ကမ္ဘာ့ကျောက်လွှာချပ်ကြီး ၃ ခု စုဆုံရာ နေရာမှာ တည်ရှိနေပြီး ငလျင်တွေရဲ့ ဒဏ်ကို မကြာခဏ ခံစားရလေ့ ရှိပါတယ်။ အခု ငလျင်ရဲ့ လှုပ်ခါမှု ဒဏ်ကိုလည်း ချီလီမှာ ပိုမို ခံစားရပြီး အာဂျင်တီးနားဖက်မှာတော့ အိမ်နီးချင်း နိုင်ငံနဲ့ ယှဉ်ရင် ပိုပြီး အားလျော့ခဲ့ပါတယ်။
ငလျင်အန္တရာယ် ခြိမ်းခြောက်မှု ကြီးကြီးမားမား ခံနေရတဲ့ အတွက်လည်း ချီလီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ငလျင်နဲ့ ဆူနာမီအန္တရာယ် ကာကွယ်ရေး၊ တုံ့ပြန်ရေး အစီအမံတွေကို တောက်လျှောက် ချဲ့ထွင် အဆင့်မြှင့်တင်လာနေခဲ့ပါတယ်။
ကိုးကား: AFP
