အိမ်အကူ အမျိုးသမီးကို အိမ်တွင်းကျေးကျွန် တစ်ယောက်လို ဖိနှိပ် ဆက်ဆံခဲ့မှုအတွက် ကုလသမဂ္ဂ (UN)ရဲ့ တရားသူကြီး တစ်ဦးဟာ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။
အသက် ၅၀ အရွယ် အမျိုးသမီး တရားသူကြီး လိုင်ဒီရာ မူဂမ်ဘီဟာ ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ဥပဒေ မဟာဘွဲ့အတွက် တက်ရောက်နေချိန် ဇာတိနိုင်ငံ ယူဂန္ဓာက အမျိုးသမီးငယ် တစ်ဦးကို နေအိမ်မှာ ကျေးကျွန်လို ခိုင်းစေထားကြောင်း ရဲတွေက စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အိမ်အကူ အမျိုးသမီးဟာ အိမ်မှုကိစ္စတွေနဲ့ ကလေးထိန်း အလုပ်တွေ လုပ်ရပြီး လုပ်ခလစာလည်း မရပါဘူး။
မူဂမ်ဘီဟာ UNရဲ့ ရာဇဝတ်ခုံရုံး တရားသူကြီး တစ်ဦးဖြစ်သလို ယူဂန္ဓာ တရားရုံးချုပ် တရားသူကြီး တာဝန်ကိုလည်း ထမ်းဆောင်နေသူပါ။ အောက်စ်ဖို့ဒ် တရားရုံးက မူဂမ်ဘီဟာ ခေတ်သစ် ကျေးကျွန်စနစ် ကျင့်သုံးမှုအတွက် အပြစ်ရှိကြောင်း မတ်လထဲမှာ စစ်ဆေး တွေ့ရှိခဲ့ပြီး မေလ ၂ ရက်နေ့မှာတော့ ထောင်ဒဏ် ၆ နှစ်နဲ့ ၄ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကြားနာမှု တလျှောက်မှာ တရားခံဟာ နောင်တရခဲ့ပုံ လုံးဝမရှိဘဲ သူ့ရဲ့ သားကောင်ဖြစ်ခဲ့တဲ့ အမျိုးသမီးအပေါ် ဖိအားပေး အပြစ်ဖို့တာမျိုးတွေပဲ လုပ်နေခဲ့တယ်လို့ အောက်စ်ဖို့ဒ် တရားရုံး တရားသူကြီး ဒေးဗစ် ဖော့စ်တွန်ရဲ့ စီရင်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
စစ်ဆေးမှုတွေအရ မူဂမ်ဘီဟာ အမျိုးသမီးငယ်အတွက် ဗြိတိန် ပြည်ဝင်ခွင့်ဗီဇာ စီစဉ်ပေးခဲ့ရာမှာ သံအမတ်ကြီး အိမ်တော်ရဲ့ အခပေး ဝန်ထမ်းအလုပ် ရမယ်လို့ လှည့်စား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မမှန်မကန် ကိစ္စတွေ ရှိနေခဲ့တာကို လန်ဒန် အခြေစိုက်၊ ယူဂန္ဓာ သံရုံးရဲ့ ဒုတိယ ကော်မရှင်နာဟောင်း ဂျွန်မူဂါဝါကလည်း သိထားပြီး အလိုတူ အလိုပါ ကူညီခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။
မူဂါဝါက မူဂမ်ဘီအတွက် ကျေးကျွန်အမျိုးသမီး တစ်ဦး ရနိုင်အောင် ကူပေးခဲ့တဲ့အတွက် အပြန်အလှန် အနေနဲ့ ယူဂန္ဓာမှာ မူဂါဝါ စွဲချက်တင် ခံထားရတဲ့ သီးခြား အမှုတစ်ခုမှာ မူဂမ်ဘီက အကူအညီ ပေးခဲ့တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးကို မားမားမတ်မတ် ကာကွယ် ရပ်တည်ပေးရမယ့် တရားသူကြီး တစ်ယောက်က အခုလို ဆိုးရွားတဲ့ လုပ်ရပ်မျိုး ကျူးလွန်ခဲ့တာကို သိရှိရတဲ့အတွက် အရမ်း စိတ်ထိခိုက်မိတယ်လို့ ဗြိတိန် တရားသူကြီး ဖောက်စ်တန်က ပြောပါတယ်။
အစိုးရ ရှေ့နေ ကာရိုလင်း ဟူဝေးက အမည် ထုတ်မပြန်တဲ့ နစ်နာသူဟာ ယူဂန္ဓာမှာ မူဂမ်ဘီရဲ့ ဩဇာကြီးမားတဲ့ အခြေအနေကြောင့် လုံးဝ မဖီဆန်ရဲဘဲ အချိန်ပြည့် ထိတ်လန့်နေခဲ့ရတယ်လို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ အလားတူ ဖြစ်စဉ်မျိုး ထပ်ကြုံမှာကို စိုးရိမ်ရလို့ အဲဒီ အမျိုးသမီးဟာ ဇာတိနိုင်ငံဆီ ပြန်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ သူဟာ မိခင်နဲ့ ပြန်တွေ့ခွင့် မရမှာကိုပါ အရမ်းစိတ်ပူနေရှာကြောင်းလည်း ဟူဝေးက ပြောကြားခဲ့ပါတယ်။
ဟူဝေးက အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိတဲ့ နစ်နာသူရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး မူဂမ်ဘီက ကောင်းကောင်း အမြတ်ထုတ်ခဲ့သလို အဖက်မတန်သလို၊ လုံးဝ လူ့တန်ဖိုး မရှိသလို ဆက်ဆံခဲ့ကြောင်း ဆိုပါတယ်။ ဒါ့အပြင် သူဟာ သံတမန်ဆိုင်ရာ အခွင့်ထူးခံ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရှိတာကြောင့် သူ့ကို ရဲတိုင်လို့ မရနိုင်ဘူးလို့လည်း မူဂမ်ဘီက အမျိုးသမီးကို လိမ်လည် ပြောဆိုထားခဲ့ကြောင်း သိရပါတယ်။
တရားခွင်မှာတော့ မူဂမ်ဘီက သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူဟာ အမျိုးသမီးငယ်အပေါ် ချစ်ချစ်ခင်ခင်၊ ဂရုတစိုက်၊ စိတ်ရှည်ရှည်သာ ဆက်ဆံခဲ့တယ်လို့ ခုခံသွားခဲ့ပါတယ်။
အောက်စ်ဖို့ဒ် တက္ကသိုလ်ဖက်ကတော့ ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ယောက်က အခုလို ဆိုးရွားယုတ်ညံ့တဲ့ ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ သတင်းမျိုး ကြားရလို့ တုန်လှုပ်မိကြောင်း ထုတ်ပြန်သွားပါတယ်။
ပြီးတော့ တက္ကသိုလ် အနေနဲ့ ကိုယ်ပိုင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု တစ်ခုအတွက်လည်း ပြင်ဆင်နေပြီး အကျိုးဆက် အနေနဲ့ ပြင်းထန် ရာဇဝတ်မှု ကျူးလွန်တဲ့ ကျောင်းသူကျောင်းသားတွေကို အပြီးထုတ်ပယ်ခွင့် ရှိတယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC
