close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲမှုနဲ့ လူ ၅ ဦးကို ဘရာဇီးရဲတပ်ဖွဲ့ ဖမ်းဆီး

သမ္မတကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတဟောင်း တစ်ဦးရဲ့ အကြံပေး အပါအဝင် လူ ၅ ယောက်ကို ဘရာဇီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

သမ္မတကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတဟောင်း တစ်ဦးရဲ့ အကြံပေး အပါအဝင် လူ ၅ ယောက်ကို ဘရာဇီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

အဲဒီ ၅ ယောက်ဟာ လက်ရှိ ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို ၂၀၂၂ ခုနှစ်တုန်းက လုပ်ကြံဖို့ အားထုတ်ခဲ့ဖူးတယ်လို့ ရဲတွေက ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ လူလာရဲ့ ရွေးကောက်ပွဲ ပြိုင်ဘက် ဖြစ်ခဲ့သူ ဘရာဇီး သမ္မတဟောင်း ဂျဲရ်ဘော်လ်ဆိုနာရိုရဲ့ အကြံပေး အရာရှိ တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လူလာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတရာထူး မဆက်ခံခင် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အဲဒီလုပ်ကြံမှုကို အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ အဖမ်းခံထားရသူတွေရဲ့ အကြံအစည်ထဲမှာ လူလာကို လုပ်ကြံဖို့အပြင် ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ခံထားရတဲ့ ဂီရဲလ်ဒို အေလက်ခ်မင်ကို ဖမ်းဆီးဖို့၊ ဒါမှမဟုတ် သတ်ဖြတ်ဖို့ ဆိုတာလည်း ပါဝင်ခဲ့ကြောင်း ဘရာဇီး ဖက်ဒရယ် ရဲတပ်ဖွဲ့နဲ့ တရားရုံးချုပ် တရားသူကြီး အလက်ဇန္ဒား ဒီမိုရေးစ်တို့က အသီးသီး မှတ်ချက်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီ မအောင်မြင်တဲ့ လုပ်ကြံရေး အစီအစဉ်ကို အာဏာသိမ်းဖို့ ကြံစည်မှု တစ်ခုအနေနဲ့လည်း သုံးနှုန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးဖို့ ဝရမ်းကို ဒီမိုရေးစ်ကိုယ်တိုင် လက်မှတ် ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။ အဖမ်းခံရသူတွေထဲမှာ အငြိမ်းစား ဗိုလ်ချုပ်ကြီး မာရီယို ဖာနန်ဒက်စ်လည်း ပါဝင်ခဲ့ပြီး သူဟာ လက်ယာစွန်း သမ္မတ ဘော်လ်ဆိုနာရို တာဝန်ယူခဲ့ချိန် အတောအတွင်း သမ္မတရဲ့ ဒုတိယ ရာထူးအမြင့်ဆုံး အကြံပေး တစ်ဦးအဖြစ် တာဝန်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ဘော်လ်ဆိုနာရိုဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ လူလာကို လုပ်ကြံပြီး အာဏာသိမ်းဖို့ အကြံအစည်ထဲမှာ အထူးတပ်ဖွဲ့ဝင်တွေအဖြစ် လေ့ကျင့်ထားတဲ့ ဘရာဇီး တပ်ဖွဲ့ဝင်တချို့ပါ ဆက်နွှယ် ပါဝင်မှု ရှိနေတယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ဆိုပါတယ်။

ဘော်လ်ဆိုနာရိုဟာ လူလာ သမ္မတမဖြစ်ခင်မှာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့ အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တစ်ခုအတွက် ဖေဖော်ဝါရီလတုန်းက စစ်ဆေးမှု ခံယူခဲ့ရပါတယ်။ အခုသီတင်းပတ်၊ တရားရုံးချုပ်မှာ တင်ပြတဲ့ မှတ်တမ်းတွေမှာတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဘော်လ်ဆိုနာရိုဟာ ကြည်းတပ်၊ ရေတပ် အရာရှိတချို့နဲ့ ကာကွယ်ရေး ဝန်ကြီးတို့ကို ခေါ်ယူတွေ့ဆုံပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့တိုင် သူ့ကို သမ္မတ ရာထူးမှာ ဆက်မြဲနေစေမယ့် ဥပဒေရေးရာ လမ်းကြောင်းတွေကို ပြသခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဘော်လ်ဆိုနာရိုကတော့ သူဟာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ သူ့ရဲ့ သားဖြစ်သူ အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်လ်ဆိုနာရိုကလည်း လက်ရှိ ဖမ်းဆီးခံရသူ ၅ ယောက်ဟာ ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါသေးတယ်။

လူလာဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ဘော်လ်ဆိုနာရိုကို မဲအရေအတွက် အနည်းအကျဉ်းနဲ့ အသာစီး ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်တဲ့ ဘော်လ်ဆိုနာရို ထောက်ခံသူတွေဟာ မြို့တော် ဘရာစေလီယာမှာရှိတဲ့ လွှတ်တော်နဲ့ အစိုးရ အဆောက်အအုံတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ကြပါသေးတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီး နိုင်ငံမှာ လူနေရပ်ကွက်ထဲ လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာကို ဘယ်တုန်းကမှ အတိအလင်း ဝန်ခံတာမျိုး မရှိခဲ့သလို လူလာက သမ္မတသစ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ၂ ရက် အလိုကတည်းက ဖလော်ရီဒါကို ထွက်ခွာသွားပြီး ကျမ်းကျိန်ပွဲကို ရှောင်လွှဲခဲ့ပါတယ်။

သတင်း

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ၁၁ ပွဲ ယှဥ်ပြိုင်ထိုးသတ်ထားပြီး ၁၀ ပွဲ အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

Facebook