အတုအယောင်ရွေးကောက်ပွဲမှတဆင့် လက်ရှိတော်လှန်ရေးကို မည်သည့်အပြောင်းအလဲ တစုံတရာမှ ဖြစ်စေနိုင်မည်မဟုတ်ဟု NUG ပြောရေးဆိုခွင့်ရှိသူ သုံးသပ်
ဧပြီ ၉၊ ၂၀၂၅။ အီယိုရီ/People’s Spring
အာဏာသိမ်းစစ်ကောင်စီသည် ယခုနှစ်ကုန်ပိုင်း လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ သိရသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်ရက်ကို တရားဝင်သတ်မှတ်ကြေညာခြင်းမရှိသော်လည်း နိုင်ငံရေးပါတီလျှောက်ထားတည်ထောင်လိုသူများကို အသိပေးကြေညာချက်ထုတ်ပြန်ရာတွင် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်းကျင်းပရန်ရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement
လက်ရှိတွင် အင်အားပြင်းငလျင်ဘေးဒဏ်ကို မြန်မာပြည်သူများ အပြင်းအထန်ခံစားနေရပြီး တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၆မြို့ကို တိုက်ခိုက်သိမ်းပိုက်ထား၍ နိုင်ငံအနှံ့ရွေးကောက်ပွဲ Nationwide Election ကို ကျင်းပနိုင်မည်မဟုတ်သည့်အပြင် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခွင့်အာဏာလည်း မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့သာလျှင်ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်ဘူး။ အဲ့ဒီအတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပိုင်ခွင့် သူ့မှာ မရှိဘူး။ လက်ရှိ ငလျင်ဘေးဒဏ်ကြုံတွေ့နေရတာ အပါအဝင် လက်ရှိ စစ်ကောင်စီက တိုင်းပြည်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကျော်လောက်ကိုပဲ အကြမ်းဖက်စစ်အုပ်စုက စိုးမိုးထားနိုင်တဲ့ အခြေအနေဖြစ်တာပေါ့” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “လက်ရှိအနေအထားအရ reality အရ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့လည်း မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရူးတွေကတော့ သိတဲ့အတိုင်းပဲ လုပ်လို့ရတဲ့ နေရာလေးမှာ ဓာတ်ပုံရိုက်၊ အဖြစ်လုပ်၊ နောက်ပြီး သေနတ်တွေနဲ့ ပြည်သူလူထုကို သေနတ်ထောက် ခြိမ်းခြောက်ပြီးတော့ မဲထွက်ပေးခိုင်းတာမျိုး ဒါမျိုးတွေကို လုပ်လာနိုင်ခြေရှိပါတယ်။ အဲဒီလိုမျိုး အဖြစ်လုပ်ပြီးတော့ပဲ အများကြီး လုပ်လိုက်သလို အလိမ်အညာတွေနဲ့ လုပ်ဇာတ်တွေနဲ့ အဲဒီလို ဆောင်ရွက်သွားနိုင်တဲ့အခြေအနေရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲမှတဆင့် လက်ရှိတော်လှန်ရေးကို မည်သည့်အပြောင်းအလဲ တစုံတရာမှ ဖြစ်စေနိုင်မည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထို့အပြင် စစ်ကောင်စီကျင်းပမည်ဆိုသော ရွေးကောက်ပွဲဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ဖြစ်ပြီး ယင်း ၂၀၀၈ အခြေခံဥပဒေသည် မြန်မာပြည်သူများနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် လမ်းအိုလမ်းပျက်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို မရောက်နိုင်ကြောင်းကို သက်သေပြပြီးဖြစ်ကြောင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုသည်။
“စစ်ကောင်စီကိုယ်တိုင်က ဒီဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တယ်။ ပြောရမယ်ဆိုရင် သူတို့ကိုယ်တိုင် မလေးစားတဲ့ ဥပဒေအောက်ကနေ ရွေးကောက်ပွဲကို ပြန်လုပ်မယ်ဆိုတာက အတုအယောင်သက်သက်သာလျှင်ဖြစ်တယ်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးကို အရူးလုပ်ဖို့အတွက် ထွင်တဲ့ စတန့်တစ်ခုပေါ့”ဟု ၎င်းက ဆက်ပြောသည်။
သို့ရာတွင် စစ်အုပ်စု အသုံးပြုမည့် နည်းလမ်းများကို မြန်မာပြည်သူများက သိရှိပြီးဖြစ်ကာ မြန်မာပြည်သူများ အလိုရှိသည့် နိုင်ငံရေးအဆင့်အထိ၊ ဖက်ဒရယ်ဒီမိုကရေစီ စစ်စစ်မှန်မှန် ရသည်အထိ ဆက်သွားရမည်ဖြစ်ကြောင်း မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးတစ်နှစ်အကြာ ၂၀၂၂ ခုနှစ်ကတည်းက ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြွေးကြော်လာခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းမှသာ ကျင်းပမည့်ကာလကို သတ်မှတ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ဒီမိုကရေစီအာဏာရှင် ရုရှားနှင့် ဘီလာရုစ်တို့သို့ သွားရောက်စဥ် ၂၀၂၅ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လာရောက်စဥ် ဒေသတွင်း ခေါင်းဆောင်များကို ၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ််မံပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟုဆိုသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတစ်ဝန်း အနည်းဆုံး ၉၆ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ မသိမ်းပိုက်ရသေးသော်လည်း တော်လှန်ရေးတပ်များက မြို့ပတ်ပတ်လည်ကို ဝန်းရံပိတ်ဆို့ဖြတ်တောက်၍ စိုးမိုးထားသော ဒေသအများအပြားလည်းရှိသည်။
ယခင်ကတိုက်ပွဲမဖြစ်ခဲ့ဖူးသော ဧရာဝတီတိုင်းတွင်ပင် ၂၀၂၅ ခုနှစ်၌ တိုက်ပွဲများဖြစ်ပွားလာပြီး တိုက်ပွဲမဖြစ်သေးသောတိုင်းနှင့် ပြည်နယ် မှာ တစ်နိုင်လုံးတွင်မကျန်တော့ပေ။ ထို့အပြင် တော်လှန်ရေးတပ်များက အဓိကလမ်းမကြီးများကို ထိန်းချုပ်စိုးမိုးနိုင်မှုမှာလည်းပိုများလာသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မည်ဟုဆိုနေခြင်းဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲကို ၂ ပိုင်းခွဲလုပ်မည်ဟုလည်း ဆိုထားသည်။
