မေ ၃၊၂၀၂၅။ ရှိန်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကရွာတန်းကျေးရွာကို စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ လူငယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။
ဒီနေ ညနေ ၃နာရီ ၁၅မိနစ်ခန့်မှာ ရွာတန်းကျေးရွာစာသင် ကျောင်းထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“နှစ်ခါဝဲပြီးမှ ကြဲသွားတာ။ ကလေးတွေကျောင်းပိတ်တဲ့အချိန်မို့ တော်သေးတယ်။ ကျောင်းထဲကိုကြဲချသွားတာ”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်ခံရမှုမှာ စာသင်ကျောင်းဝန်းအတွင်း ထိုင်နေတဲ့ အသက် ၂၅နှစ်အရွယ်အမျိုးသမီး သေဆုံးပြီး သူမရဲ့ဖခင်ဖြစ်သူနဲ့ အသက် ၁၈၊ ၃၀ကျော်၊ ၅၀နှစ်အရွယ် အမျိုးသမီး ၃ဦးတို့လည်းဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်တာ၊ တော်လှန်ရေးလှုပ်ရှားမှုပြုလုပ်တာမျိုးတွေမရှိဘဲ စစ်ကောင်စီက စာသင်ကျောင်းကို ဗုံးလာကြဲခဲ့တာလို့ သိရပါတယ်။
ဒီနေ့ နေ့လည်ပိုင်းမှာပဲ မြင်းခြံ၊ တောင်သာလမ်းပိုင်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် မနေ့ ညနေပိုင်းက မတ္တရာမြို့နယ် အရှေ့ခြမ်း ဝသုန္ဒရကျေးရွာအတွင်း ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးနဲ့ ပြည်သူ ၄ဦးထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရဲတွေက ရွာထဲကိုထွက်လာတာကို လှမ်းပစ်တာထင်တယ်။အဲ့ဒီဘေးက ဈေးသည်တွေ ရောထိတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရှော့တိုက်ဒုံး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး မနေ့က ညနေပိုင်းမှာ အယ်ဖာဘိလပ်မြေစက်ရုံအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အနောက်ခြမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF နဲ့ဒေသတော်လှန်ရေးတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်ရေး)နဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးတိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါအပြင် မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပါ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ တတိယအပတ် သင်္ကြန်အပြီးမှာ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ဧပြီ ၂ ရက်ကနေ ဧပြီလကုန်အထိ ယာယီအပစ်ရပ်တယ်လို့ကြေညာခဲ့ပေမယ့် မြေပြင်မှာ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေတော့ မရပ်နားခဲ့သလို လေကြောင်းကနေလည်း ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
