close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ တွေ့ဆုံပြီးတဲ့နောက် စစ်ရပ်ဆိုင်းဖို့ ပူတင် တကယ်ဆန္ဒ ရှိသလားလို့ ထရမ့် မေးခွန်းထုတ်

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

AFP

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

ထရမ့်ဟာ ဧပြီ ၂၆ ရက်နေ့က အီတလီနိုင်ငံ၊ ဗာတီကန်မြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ ဈာပန အခမ်းအနား တက်ရောက်ရင်း သီးခြား အစီအစဉ်အဖြစ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တာပါ။ ထရမ့်နဲ့ ဇီလန်စကီးဟာ မတ်လကုန်တုန်းက အိမ်ဖြူတော် တွေ့ဆုံပွဲမှာ လူသိရှင်ကြား စကားများခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် မျက်နှာချင်းဆိုင် စကားပြောခဲ့တာပါ။

ဇီလန်စကီးနဲ့ တွေ့ဆုံပြီးတဲ့နောက် ဗာတီကန်က ပြန်လည် ထွက်ခွာလာချိန်မှာ ထရမ့်က အခုသီတင်းပတ်ထဲမှာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး ပူတင်ရဲ့ စစ်ရပ်ဆိုင်းရေး ဆန္ဒက တကယ် မှန်ကန်သလား ဆိုတာကို လူမှုကွန်ရက်မှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပူတင်ဟာ ယူကရိန်းရဲ့ အရပ်သား ဧရိယာတွေကို ဒုံးကျည်တွေနဲ့ လှမ်းပစ်နေစရာ အကြောင်းမရှိဘူးလို့လည်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာ ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ဈာပန အခမ်းအနား မစတင်ခင် စိန့်ပီတာ ဝတ်ကျောင်းတော်ကြီးမှာ အလေးအနက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အိမ်ဖြူတော်ကတော့ ၁၅ မိနစ်ကြာ ဆွေးနွေးမှုတွေဟာ အများကြီး အပြုသဘော ဆောင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ဇီလန်စကီးကတော့ အဲဒီမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေဟာ နောင်တစ်ချိန်မှာ သမိုင်းဝင်လာနိုင်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က Truthမှာ ရေးသားထားရာမှာ ပူတင် အနေနဲ့ တကယ်ပဲ စစ်ပွဲကို မရပ်ချင်ဘူး ဆိုရင် ကွဲပြားတဲ့ အခြေအနေအဖြစ် အရေးယူ ပိတ်ဆို့မှုတွေကို ရင်ဆိုင် ကြုံတွေ့ချင်နေတာလားလို့ ထည့်သွင်း မေးခွန်းထုတ်ထားပါတယ်။ ဗာတီကန် ခရီးစဉ် မတိုင်ခင်တုန်းက ထရမ့်ဟာ စစ်ရပ်ဆိုင်းရေးအတွက် ရုရှားနဲ့ ယူကရိန်းကြား အရမ်း နီးစပ်တဲ့ အခြေအနေ ဖြစ်လာပြီလို့ မှတ်ချက်ပေးထားခဲ့ပါသေးတယ်။

ဗာတီကန်မှာတော့ ထရမ့်နဲ့ ဇီလန်စကီးတို့ကြား ဒုတိယအကြိမ် ထပ်မံ စကားပြောဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူကရိန်း အာဏာပိုင်တွေက မှတ်ချက်ပေးခဲ့ပေမယ့် ထရမ့်ရဲ့ ယာဉ်တန်းဟာ ဈာပနအခမ်းအနား အပြီးမှာပဲ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဗာတီကန်မှာ ကျန်နေတဲ့ ဇီလန်စကီးကတော့ နောက်ပိုင်းမှာ ဗာတီကန်ဆိုင်ရာ ပြင်သစ်သံရုံးမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ စကားပြောခဲ့သလို ဗြိတိန် သံအမတ်ကြီး အိမ်တော်မှာလည်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာနဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကိုလည်း သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာ့မြေပေါ်မှာ ကြားခံစစ်ပွဲ proxy war တွေ ဖြစ်လာတော့မလားလို့ ပူပန်လာကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေရဲ့ မြေပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးဩဇာနဲ့ စီးပွါးရေးအကျိုးအမြတ်တွေအတွက် အားပြိုင်မှုတွေကို နည်းပေါင်းစုံနဲ့ လုပ်ကြတာမှာ ကြားခံစစ်ပွဲဆိုတာ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာတော့ ပါဝါကြီးတဲ့ တရုတ်၊ အမေရိကနဲ့ ရုရှတို့အပြင်...

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ အရမ်း နီးစပ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး ရဖို့အတွက် ယူကရိန်းဟာ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေတွေကို လက်လွှတ်ပေးတာမျိုး ရှိကောင်း ရှိနိုင်တယ်လို့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ရဲ့ မြို့တော်ဝန်ဖြစ်သူ ဗစ်တာလီ ကလစ်ချ်ကိုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းကို တိုက်ခိုက်နေတာတွေ တော်သင့်ပြီလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။