close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ဒေသများ အပူချိန်မြင့်ပြီး Heat Strokeကြောင့် လူသေဆုံးမှုရှိ

အပူချိန်မြင့်မားနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်ရေး အဆင်မပြေမှုကြောင့် Heat Stroke ဖြစ်ပြီး လူသေဆုံးမှုများရှိလာသည်။

Sai Aung Main/AFP

ဧပြီ ၂၆၊၂၀၂၅။ယောနသံ/People’s Spring

အပူချိန်မြင့်မားနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်ရေး အဆင်မပြေမှုကြောင့် Heat Stroke ဖြစ်ပြီး လူသေဆုံးမှုများရှိလာသည်။

ဧပြီလလယ်မှစ၍ နေ့အပူချိန်မြင့်တက်လာခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများက ပြောသည်။

“အပူဒဏ်က တော်တော်ဆိုးတယ်။ အရင်ကဆိုရင် အိမ်တွေထဲမှာ၊ အိမ်အောက်တွေမှာ အရိပ်ခိုလို့ရပေမယ့် အခုက နေစရာမရှိဘူး။ အိမ်ပြိုအိမ်ပျက်တွေကြားထဲမှာ ဘယ်လိုမှ နေလို့မကောင်းဘူး။ ဘေးရှောင်စခန်းတွေလည်း အလုံအလောက် မရှိကြဘူး။ တချို့ဆိုရင် လမ်းဘေးမှာ အိပ်နေရင်းနဲ့ သေဆုံးတာတွေရှိတယ်”ဟု ကျောက်ဆည်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ ရက်က လှုပ်ခတ်သည့် အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ ငလျင်ဒဏ်သင့်ဒေသများအနက် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတွင် အပူချိန်ပုံမှန်ထက် မြင့်တက်နေပြီး မကွေးတိုင်းတွင်လည်း အပူချိန်မြင့်တက်နေသည်။

“အပူဒဏ်ကို မခံနိုင်တာက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဖြစ်တယ်။ သူတို့အတွက် နေစရာကောင်းကောင်း မရှိဘူးဖြစ်နေတယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

ငလျင်ဒဏ်သင့်ဒေသမှ ပြည်သူတစ်ဦးကလည်း “အရိပ်ခိုစရာ သစ်ပင်ကမရှိ၊ အခုဆို တချို့နေအိမ်တွေက ငလျင်ဘေးကြောင့် ပျက်စီးတော့ အပူဒဏ်ကာကွယ်ဖို့ နေစရာအခက်အခဲဖြစ်၊ မီးက မလာ၊ ညည ခြင်ကကိုက်၊ ပူလို့ ကောင်းကောင်း အိပ်မပျော်၊ နေ့ဘက်လည်း အပူဒဏ်ခံ ရာသီဥတုပူတော့ အစားစားချင်စိတ်မရှိ၊ အစားမဝင်တော့ ကိုယ်ခံအားကျ၊ ချွေးထွက်လွန်လို့ လူက မောပန်းခွေလဲ၊ ဒီလိုနဲ့ ကျန်းမာရေးတွေ ထိခိုက်လာလေရော”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

Heat Stroke (အပူရှပ်ခြင်း)ကို ကာကွယ်ရန် အပူချိန်မြင့်တက်သည့်ဒေသများမှ ဒေသခံများသည် အရိပ်ကောင်းသည့်နေရာများတွင် နေထိုင်ရန်လိုအပ်ပြီး နေ့ခင်းပိုင်းများတွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားရန်လိုအပ်သည်။ အပူနှင့်ဆက်စပ်သည့် ရောဂါလက္ခဏာများဖြစ်သည့် အပူချိန်မြင့်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းတို့ ဖြစ်ပွားပါက ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်လိုအပ်သည်။

လက်ရှိငလျင်ဒဏ်သင့်ဒေသများတွင် ဒေသခံများ နေရေးစားရေးအကူအညီများ လိုအပ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်အောင် မရရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“အပူချိန်တွေ ဆက်မြင့်မယ်ဆိုရင် အန္တရာယ်ကြီးပါတယ်။ ကျွန်တော်တို့ လိုက်ကောက်ထားတဲ့ စာရင်းတွေအရဆိုရင် အပူဒဏ်နဲ့ဆက်စပ်ပြီး သေဆုံးတာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း အယောက် ၂၀ လောက်ရှိမယ်။ လိုအပ်တဲ့ အကူအညီတွေပေးဖို့တော့ စိန်ခေါ်မှုတွေ အများကြီးရှိတယ်” ဟု မန္တလေးမြို့သို့ ရောက်ရှိနေသည့် လူမှုရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ငလျင်ဘေးသင့်ဒေသများတွင် စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များသည် လိုအပ်ချက်များအများအပြားရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ဒေသများတွင်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများအား ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို စစ်ကောင်စီက ဖြတ်တောက်တားဆီးမှုများရှိနေသည်။

ဧပြီ ၂၁ ရက်က စစ်ကိုင်းမြို့နယ်၊ အိုင်ဒိုင်ကျေးရွာ၌ ငလျင်ဘေးသင့်ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နယ်လှည့်ဆေးကုသရေးအဖွဲ့ ရောက်ရှိနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။ သံဃာတော်အချို့အပါအဝင် ဒေသခံခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

လာမည့်ရက်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံဒေသအများစု မိုးရွာနိုင်ခြေရှိပြီး အပူချိန်အနည်းငယ် လျော့ကျနိုင်သည်။ သို့သော် ယနေ့ညနေအထိ အပူချိန်များ မြင့်တက်နေဆဲဖြစ်သည်။

ငလျင်ဘေးသင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နောက်ဆက်တွဲ ဆိုးရွားသော ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်ပြီး အရေးပေါ်ထောက်ပံ့မှုများ လိုအပ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ထားသည်။ငလျင်ဘေးသင့်ပြည်သူ ၄ ဒသမ ၃ သန်းကျော်သည် စားနပ်ရိက္ခာနှင့် နေထိုင်ရေး အကူအညီများ လိုအပ်နေပြီး သန့်ရှင်းသည့်ရေရရှိရေးနှင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ