ဧပြီ-၂၆၊၂၀၂၅။မိထက်/People’s Spring
ဖားကန့်ဒေသသို့အင်အားဖြည့်ရန်စစ်ကောင်စီတပ်က ကြိုးစားလာ၍ KIA က ဖြတ်တောက်တိုက်ခိုက်နေစဥ် ဖားကန့်ရှိ စစ်တပ်က ဧပြီလ ၂၆ရက်ည၌လက်နက်ကြီးပစ်ခတ်နေပြီး လေကြောင်းမှလည်း ကင်းထောက်နေသည်။
ဖားကန့်စစ်တပ်ကုန်းမှနေ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းသံများလည်း ထွက်ပေါ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး -ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့်အင်အား ၇၀၀ နီးပါးဖြင့် ဖားကန့်ကို ဝင်ရောက်ရန် ကြိုးစားနေသည်။ထို့ကြောင့် KIA ၊ KPDF နှင့် ပူးပေါင်းတပ်များက ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်သဖြင့် စစ်တပ်ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်။

Public Service Announcement
ဧပြီ ၂၆ ရက်တွင်လည်းဖားကန့်အဝင်မအူပင်ရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများပြားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ပြီး ဖားကန့်ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် ဖားကန့်PDF ထောက်ပို့ရဲဘော်တဦးက ပြောသည်။
KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက ဧပြီ ၂၅ ရက်နေ့တွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကိုလက်ကျန်တပ်ရင်းနှင့် စခန်းများ သိမ်းပိုက်၍ အပြီးသတ်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဗန်းမော်ရှိ လက်ကျန်စစ်တပ်စခန်းများတိုက်ခိုက်ခံနေရစဥ် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ ဝိုင်းမော်မြို့ဘက်သို့လည်း ဧပြီ ၂၅ ရက်ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။
ဧပြီ ၂၅ ရက်ညက ပစ်ခတ်မှုတွင်မြစ်ကြီးနားမြို့၊ မလိခဝန်ထမ်းအိမ်ရာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ယနေ့(ဧပြီ ၂၆) ညလည်း မပခ ကလက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေသည်။
