NATO စစ်မဟာမိတ် အဖွဲ့ရဲ့ လေပိုင်နက်ကို ရုရှားလေယာဉ်တွေက တစ်ပတ်အတွင်း နှစ်ကြိမ်ထိ ချဉ်းကပ် ပျံသန်းခဲ့တာကြောင့် တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်ခဲ့ရတယ်လို့ ဗြိတိန် တော်ဝင်လေတပ် (RAF)က ပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့က ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပိုလန်နိုင်ငံ၊ မဲလ်ဘော့ခ် လေတပ်စခန်းမှာ အခြေစိုက်ထားတဲ့ RAF တိုက်လေယာဉ်တွေဟာ ရုရှားလေယာဉ်တွေကြောင့် နှစ်ကြိမ်တိုင် အရေးပေါ် ပျံတက်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။
ပထမ တစ်ကြိမ်က ဧပြီ ၁၅ ရက်နေ့မှာဖြစ်ပြီး ရုရှားစစ်တပ်ရဲ့ Il-20M အမျိုးအစား ထောက်လှမ်းရေး လေယာဉ်တစ်စီးက ပိုလန် လေပိုင်နက်နား ရောက်ရှိလာတာကြောင့် RAFရဲ့ Typhoon တိုက်လေယာဉ်နှစ်စီးက သွားရောက် စောင့်ကြည့်ခဲ့ရတာပါ။
ဧပြီ ၁၇ ရက်နေ့မှာလည်း NATO လေပိုင်နက်နားကို အမျိုးအမည်မသိ ရုရှားလေယာဉ်တစ်စီး ချဉ်းကပ်ခဲ့တဲ့အတွက် Typhoon နှစ်စီး အလားတူ ပျံတက်ခဲ့ရပြန်တာ ဖြစ်ပါတယ်။ ပိုလန်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ပိုလန် လေပိုင်နက်ဟာ NATO လေပိုင်နက်ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာပါ။

Public Service Announcement
NATOရဲ့ အရှေ့ဖျား ဧရိယာတွေကို ကာကွယ်ဖို့ ဗြိတိန်နဲ့ ဆွီဒင်တို့ ပူးပေါင်းပြီး တိုက်လေယာဉ်တွေ ဖြန့်ကျက်ထားတဲ့ Operation Chessman အစပြုပြီး သီတင်းပတ်တချို့ အကြာမှာ RAFဟာ အခုလို အကဲစမ်းမှုတွေကို ပထမဆုံးအကြိမ် ရင်ဆိုင်ရပြီး ကိုင်တွယ်ဖြေရှင်းနေတာ ဖြစ်တယ်လို့ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီး လုခ်ပေါလတ်ဒ်က ပြောပါတယ်။
သူက ဗြိတိန်ဟာ NATOရဲ့ လုံခြုံရေးအတွက် အာရုံစိုက်ထားမှုကို မယိမ်းမယိုင် ဆက်လက်ပြီး စိတ်နှစ်ထားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NATO လေပိုင်နက် ကာကွယ်စောင့်ရှောက်ရေး ရည်ရွယ်ချက်အတွက် ဗြိတိန်ဟာ Typhoon တိုက်လေယာဉ် ၆ စီးနဲ့ လေတပ် အဖွဲ့သား ၂၀၀ နီးပါးကို ပိုလန်မှာ ဖြန့်ကျက်ထားပါတယ်။ အစောပိုင်းတုန်းက ဗြိတိန်ရဲ့ တိုက်လေယာဉ်တွေဟာ ရိုမေးနီးယားနဲ့ အိုက်စ်လန်တို့မှာ အခြေစိုက်ထားခဲ့ပါသေးတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီက NATO နိုင်ငံတွေရဲ့ ယူကရိန်းအတွက် စုပေါင်းကူညီရေး အစည်းအဝေး တစ်ရပ်ကို ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ တက်ရောက်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ ဗြိတိန်ရဲ့ Typhoonတွေဟာ NATO လေပိုင်နက်နားမှာ ရုရှားလေယာဉ်တွေ ချဉ်းကပ်ပျံသန်းတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကား: Guardian
