ဆေးဝါးတွေကို ကြံ့ကြံ့ခံ ရှင်သန်နိုင်တဲ့ ရောဂါပိုးမွှားတွေကြောင့် တစ်နှစ်အတွင်း ကမ္ဘာအနှံ့မှာ ကလေး ၃ သန်းဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ ကြုံတွေ့ခဲ့တဲ့ အဲဒီ အခြေအနေက ကမ္ဘာတလွှားမှာ ပဋိဇီဝ ပိုးသတ်ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ဆေးယဉ်ပါး ရောဂါပိုးမွှားတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ဘယ်လောက် ကြီးမားနေသလဲ ဆိုတာကို မြင်သာစေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
အထူးသဖြင့် အဲဒီ ခြိမ်းခြောက်မှုကို အာဖရိကတိုက်နဲ့ အရှေ့တောင်အာရှ ဒေသတွေက ကလေးငယ်တွေ အဆိုးဆုံး ကြုံတွေ့ ခံစားရနိုင်ခြေ ရှိနေတယ်လို့လည်း သုတေသန အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။
AMRလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဆေးယဉ်ပါးမှု အခြေအနေဟာ နိုင်ငံတကာ ဆေးပညာ နယ်ပယ်မှာ ခေါင်းခဲစရာ အကောင်းဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ရောဂါပိုးမွှားတွေရဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ရှိရင်းစွဲ ပိုးသတ်ဆေးတွေကို ခံနိုင်ရည် ရှိသွားခြင်းကို ဆိုလိုပါတယ်။

Public Service Announcement
AMR ပြဿနာဟာ ကလေးရော၊ လူကြီးမှာပါ ဖြစ်နိုင်ပေမယ့် သုတေသန ရလဒ်အသစ်တွေ အရတော့ ကလေးတွေဟာ ပိုပြီး အန္တရာယ်ကြီးတဲ့ အခြေအနေ ကြုံလာနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အချက်အလက်တွေကို စုဆောင်းယူပြီး နိုင်ငံတကာ သိပ္ပံပညာရှင်တွေဟာ ၂၀၂၂ ခုနှစ်အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ AMR ပြဿနာကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ဂယက်ကလည်း အဲဒီ အခြေအနေတွေကို ပိုပြီး ဆိုးရွားသွားစေခဲ့တယ်လို့ ယုံကြည်ရကြောင်း ပညာရှင်တွေက ပြောပါတယ်။
ပိုးသတ်ဆေးတွေဟာ ယေဘုယျအားဖြင့် အရေပြားက ရောဂါပိုး ဝင်ရောက်မှုတွေကစလို့ အဆုတ်မှာ နမိုးနီးယား ဖြစ်တဲ့ အခြေအနေတွေအထိ သုံးစွဲလေ့ ရှိပါတယ်။ အဲဒီ ပိုးသတ်ဆေးတွေဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အအေးမိ၊ တုပ်ကွေးနဲ့ ကိုဗစ်တို့လို ရောဂါတွေကိုတော့ ကုသလို့ မရနိုင်ဘဲ ဘက်တီးရီးယားနဲ့ ပတ်သက်တဲ့ ရောဂါတွေ အတွက်သာ အသုံးပြုတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တချို့သော ဘက်တီးရီးယားတွေဟာ တချို့ ပိုးသတ်ဆေး အမျိုးအစားတွေရဲ့ ဒဏ်ကို ခံနိုင်လောက်အောင် ဆင့်ကဲပြောင်းလဲလာပြီး AMR အခြေအနေကို ရောက်လာစေတာပါ။ အဓိက အကြောင်းရင်းက ပိုးသတ်ဆေးတွေကို လိုတာထက်ပိုပြီး၊ ဒါမှမဟုတ် မှန်ကန်မှု မရှိတဲ့ နည်းလမ်းတွေနဲ့ သုံးစွဲမှုတွေပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေး အမျိုးအစားသစ်တွေကို ထုတ်လုပ်နေပေမယ့် အချိန်အများကြီး ယူရသလို စရိတ်လည်း အရမ်းကြီးမားပါတယ်။
သုတေသနပြု လေ့လာမှုကို ဦးဆောင်ခဲ့သူ ဩစတြေးလျ နိုင်ငံ၊ မားဒေါ့ချ် ကလေး ကျန်းမာရေး သုတေသန ဌာနရဲ့ ပါမောက္ခ ဟက်ဘ်ဟာဝဲလ် အမှန်တကယ် မလိုအပ်တဲ့ အခြေအနေတွေမှာတောင် ပိုးသတ်ဆေးတွေကို အသုံးပြုနေခြင်းက တကယ့် အန္တရာယ်ကြီးမားတဲ့ ရောဂါပိုးမွှား ဝင်ရောက်မှုတွေ ကြုံလာတဲ့အခါ ဆေးမတိုးတော့တဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေ မြင့်မားသွားစေကြောင်း ပြောကြားခဲ့ပါတယ်။
ပိုးသတ်ဆေး အမျိုးအစား အတော်များများကို ခံနိုင်ရည်ရှိတဲ့ ရောဂါပိုးတွေ ပျံ့နှံ့လာလေလေ၊ လက်တွေ့ အသုံးဝင်တဲ့ ပိုးသတ်ဆေး အရေအတွက် ရှားပါးလေလေ ဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။
AMRဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု ဖြစ်လာပြီး အားလုံးကို ထိခိုက် သက်ရောက်စေကြောင်း၊ AMRနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် တစ်နှစ်တည်းမှာတင် ကလေး ၃ သန်းလောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြောင်း ဟာဝဲလ်က မှတ်ချက်ပေးသွားပါတယ်။
WHOကလည်း AMRဟာ မျက်မှောက်ခေတ် ကမ္ဘာပေါ်မှာ အန္တရာယ် အကြီးဆုံး ကျန်းမာရေး စိန်ခေါ်မှု တစ်ခုအဖြစ် AMRကို သတ်မှတ်ထားပေမယ့် လောလောဆယ်မှာ အဲဒီအတွက် အဖြေမရှိသေးဘူးလို့ ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာ ကျင်းပတဲ့ ဆေးပညာ နှီးနှော ဖလှယ်ပွဲ တစ်ခုမှာ ဟာဝဲလ်က ပြောကြားသွားခဲ့ပါတယ်။
ဘက်တီးရီးယားနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို တိုက်ဖျက်ရာမှာ ပဋိဇီဝ ပိုးသတ်ဆေးတွေဟာ အထိရောက်ဆုံး လက်နက်အဖြစ် ရှိနေကြောင်း၊ ဒါပေမဲ့ အဲဒါတွေက အထိရောက်တော့ဘူးဆိုရင် အသက်ပေါင်း များစွာအတွက် အန္တရာယ် ရှိလာနိုင်ကြောင်း၊ AMR ပြဿနာကို တုံ့ပြန်ရာမှာ ကွဲပြားတဲ့ ကဏ္ဍပေါင်းစုံကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြီး ရိုးရှင်းတဲ့ ဖြေရှင်းမှု နည်းလမ်း တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားခဲ့ပါတယ်။
ကိုးကား: Reuters
