close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံရဲ့ တရုတ် ကုမ္ပဏီ အမှုဆောင် အဖမ်းခံရ

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် စီမံကိန်းနဲ့ ဆက်စပ်တဲ့ တရုတ် ကုမ္ပဏီ အမှုဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

Bangkok Post

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် စီမံကိန်းနဲ့ ဆက်စပ်တဲ့ တရုတ် ကုမ္ပဏီ အမှုဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ ဆောက်လုပ်ဆဲ အထပ် ၃၀ တိုက်ကြီးတစ်လုံး ပြိုကျခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် လူ ၄၇ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၄၇ ဦး ပျောက်ဆုံးနေခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ တရားရေးဝန်ကြီး တာဝီ ဆော့ဆွန်က ထိုင်းတရားရုံး တစ်ခုဟာ အဆောက်အအုံ တည်ဆောက်မှုကို တာဝန်ယူထားတဲ့ တရုတ် ကုမ္ပဏီ China Railway No.10နဲ့ ဆက်နွှယ်တဲ့ ထိုင်းနိုင်ငံသား ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦးကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ဧပြီ ၁၉ ရက်နေ့တုန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဝန်ကြီးဌာန လက်အောက်ခံ အထူးစုံစမ်းရေး ဌာနက ဝရမ်းထုတ်ထားသူ ၄ ယောက်ထဲက တရုတ် ကိုယ်စားလှယ် အမှုဆောင် တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဖမ်းခံရသူဟာ China Railway No.10ရဲ့ အမှုဆောင် ကျန်းကျွမ်လင်း ဖြစ်တယ်လို့ တရားရေး ဝန်ကြီးဌာန လက်အောက်ခံ အထူးစုံစမ်းရေး ဌာန (DSI) အရာရှိတွေက ဆိုပါတယ်။ ကျန်းကို ဘန်ကောက်ရဲ့ ရတ်ချာဒါဖီဆက် ဧရိယာမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

China Railway No.10 ကုမ္ပဏီဟာ ပြိုကျခဲ့တဲ့ စာရင်းစစ်ရုံး အဆောက်အအုံ တည်ဆောက်ရေးအတွက် အီတာလီယံ-ထိုင်း ကုမ္ပဏီနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းထားတာပါ။ အဲဒီ ကုမ္ပဏီမှာ ကျန်းက ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံသား ၃ ဦးကတော့ စုစုပေါင်း ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ခွဲဝေ ချုပ်ကိုင်ထားပါတယ်။ ဝရမ်းထုတ်ခံထားရတဲ့ ထိုင်းနိုင်ငံသား ၃ ယောက်ကတော့ မာနက်စ် ဆရီ အာနန်၊ ပရာချုပ် ဆီရီခတ်နဲ့ ဆိုဖောင် မီချိုင်တို့ ဖြစ်ကြပါတယ်။

ဒါပေမဲ့ စုံစမ်းမှုတွေအရ အဲဒီ ထိုင်းနိုင်ငံသားတွေဟာ တခြား နိုင်ငံခြားသားတွေအစား ရှယ်ယာတွေကို ထိန်းချုပ်ပေးထားတာဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားကြောင်းလည်း ဝန်ကြီး တာဝီက ပြောပါတယ်။ သူတို့ကို ထိုင်းအာဏာပိုင်တွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

ထိုင်းမှာတော့ နိုင်ငံခြား စီးပွားရေး အက်ဥပဒေအရ နိုင်ငံခြားသားတွေဟာ ထိုင်းကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းထက် ပိုပြီး ပိုင်ဆိုင်ခွင့် မရှိရဘူးလို့ ပြဋ္ဌာန်းထားကြောင်းလည်း သိရပါတယ်။

တာဝီက အဆောက်အအုံ ပြိုကျမှုနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အေဂျင်စီ တချို့က ကွဲပြားတဲ့ ရှုထောင့်တွေကနေ အသီးသီး ဆက်လက် လုပ်ဆောင်နေပြီး အဲဒီထဲမှာ ဆောက်လုပ်ရေး ကြီးကြပ်မှု စာချုပ်တွေထဲမှာ လက်မှတ်အတုတွေ ရေးထိုးထားတာ၊ အချက်အလက် အမှားတွေ ထည့်သွင်းထားတာမျိုး ဖြစ်နိုင်ခြေတွေကိုပါ စုံစမ်းနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်းအတွက် သံမဏိတွေ ကိုယ်စားလှယ်ယူ တင်သွင်းတဲ့ ကုမ္ပဏီတွေကိုပါ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ဧပြီ လဆန်းတုန်းက ထိုင်းရဲ့ လုံခြုံရေး အရာရှိတွေက ပြိုကျ အဆောက်အအုံ အပျက်အစီးပုံထဲက သံမဏိ နမူနာတွေကို စစ်ဆေး စမ်းသပ်ခဲ့ပြီး တချို့ သံမဏိချောင်းတွေဟာ သတ်မှတ် စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု မရှိဘဲ အရည်အသွေးပိုင်း အားနည်းနေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ "စျေးက မရောင်းရသေးဘူး"ဟု သူက စိတ်မသက်မသာပြောပြသည်။

သတင်း

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာမှာ ရေတွင်းရေတိုင်တွေ ရေမထွက်တော့လို့ သောက်ရေ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးမျိုးဖြစ်ကြောင်း အင်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး ၂၁ရက်အကြာတွင် စစ်ကောင်စီ လက်အောက်ခံမိုးဇလဌာနက ပထမဆုံးအကြိမ်ထုတ်ပြန်သည်။

သတင်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ အသိပေးပါတယ်။