▪︎ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံခြင်းနဲ့ လက်မခံခြင်း ဆိုတာဟာ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ကြား ခြားနားပေးထား အဓိက စည်းတစ်ခု ဖြစ်တယ်လို့လည်းဟားရစ်ထောက်ပြ
People’s Spring
ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မှုကို ခြွင်းချက်မရှိ လက်ခံကြောင်းနဲ့ ဒေါ်နယ်လ်ထရမ့်ဆီ လက်ရှိ အစိုးရဆီကနေ အာဏာလွှဲပြောင်းရေး ကိစ္စမှာ ကူညီသွားမှာဖြစ်ကြောင်း ကာမာလာ ဟားရစ်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မဲရေတွက်မှုတွေမှာ ထရမ့်က တောက်လျှောက် ဦးဆောင်ခဲ့ပြီး ဟားရစ်အပေါ် အနိုင်ရကြောင်း သေချာသွားခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ ဟားရစ်က သူ့ရဲ့ ရွေးကောက်ပွဲ အရှုံးကို လက်ခံကြောင်း၊ သူကိုယ်တိုင်လည်း ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ထရမ့်ဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
ပြီးတော့ လက်ရှိ အစိုးရရဲ့ ဒုတိယ သမ္မတလည်းဖြစ်တဲ့ သူက အာဏာလွှဲပြောင်းရေး ကိစ္စတွေ ချောမွေ့စေဖို့ ထရမ့်ကို ကူညီသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

Public Service Announcement
လူတွေရဲ့ စိတ်ခံစားချက်တွေ၊ သဘောထားတွေက ရှုပ်ထွေးနေမယ် ဆိုတာကို နားလည်ကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုတော့ လက်ခံဖို့လိုကြောင်း၊ သူဟာ ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်နဲ့ စကားပြောခဲ့ပြီး အနိုင်ရမှုအတွက် ဂုဏ်ပြုခဲ့ပြီးဖြစ်ကြောင်း ဟားရစ်က ဆိုပါတယ်။
လက်ရှိ အစိုးရဟာ သူ့ကို ကူညီမယ် ဆိုတာကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် ထရမ့်ဟာ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လက်လွှဲယူနိုင်မှာဖြစ်ကြောင်း ဟားရစ်က ပြောကြားသွားပါတယ်။
အမေရိကန် နိုင်ငံရေးရဲ့ အရေးအကြီးဆုံး အနှစ်သာရ တစ်ခုက ရွေးကောက်ပွဲမှာ ရှုံးနိမ့်တဲ့အခါ အဲဒီအရှုံးကို လက်ခံရဲခြင်း ဖြစ်တယ်လို့လည်း ဟားရစ်က ဆက်ပြောပါတယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံခြင်းနဲ့ လက်မခံခြင်း ဆိုတာဟာ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ကြား ခြားနားပေးထား အဓိက စည်းတစ်ခု ဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။
အမေရိကန်လို နိုင်ငံမှာတော့ ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုဟာ သမ္မတ၊ ဒါမှမဟုတ် ပါတီတစ်ခုအပေါ် တည်မှီနေလို့ မရကြောင်း၊ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကိုယ်ပိုင် အသိတရားနဲ့ ဘုရားသခင်ဆီကိုသာ ယုံကြည် အပ်နှံထားရမှာဖြစ်ကြောင်း ဟားရစ်က ပြောကြားသွားပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်မှာ ရွေးကောက်ပွဲ အရှုံးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာတော့ ဟားရစ်က သူ့အပေါ် အားပေး ထောက်ခံခဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန် နိုင်ငံကို အမြဲတမ်း ချစ်မြတ်နိုးနေမှာဖြစ်ကြောင်း ဖွင့်ဟသွားပါတယ်။
ပြီးတော့ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာရော၊ တခြားအချိန်တွေမှာပါ ထောက်ခံ ကူညီပေးနေခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်းလည်း သူက ထည့်သွင်း ပြောဆိုသွားပါတယ်။
ကိုးကား: BBC
