အမေရိကန် ရွေးကောက်ပွဲရဲ့ စည်းမျဉ်းတွေအရ ပြည်နယ် တစ်ခုချင်းစီမှာ အနိုင်ရတဲ့ သမ္မတလောင်းဟာ အဲဒီ ပြည်နယ်အတွက် ခွဲတမ်း သတ်မှတ်ထားတဲ့ သမ္မတ တင်မြှောက်ပိုင်ခွင့် ကိုယ်စားလှယ်မဲ အရေအတွက် အားလုံးကို ရရှိပါတယ်။ အမေရိကန် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်မဲ ၂၇၀ အထက် အနိုင်ရတဲ့သူက သမ္မတ နေရာကို ရရှိမှာ ဖြစ်ပါတယ်။
ထရမ့်ဟာ အဲဒီ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ခွဲတမ်း အရေအတွက်ကို ရရှိသွားပြီဖြစ်တယ်လို Fox သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့ပါတယ်။ ထရမ့်ဟာ ပါတီစွဲ မရှိတဲ့ ကြားပြည်နယ်တွေထဲမှာ ပြိုင်ဘက် ကာမာလာ ဟားရစ်ကို အသာစီး ယူနိုင်ခဲ့ခြင်းက အိမ်ဖြူတော် တကျော့ပြန် ခရီးကို ဖြောင့်ဖြူးသွားစေခဲ့တာ ဖြစ်ပါတယ်။
APနဲ့ New York Times သတင်းဌာနတွေမှာတော့ ထရမ့် အနိုင်ရပြီလို တိတိကျကျ မဖော်ပြသေးပေမယ့် လိုအပ်တဲ့ ကိုယ်စားလှယ်မဲ နေရာပေါင်း ၂၇၀ ထဲမှာ ၂၆၇ ခု ရရှိထားပြီး တရားဝင် ရလဒ် မထွက်သေးတဲ့ ပြည်နယ် ၇ ခုထဲက ၄ ခုမှာလည်း ထရမ့်က ဦးဆောင်နေတယ် ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီ ပြည်နယ်တွေထဲကနေ ထရမ့်ဟာ နောက်ထပ် ကိုယ်စားလှယ်မဲ ၄၅ နေရာထိ မျှော်လင့်နိုင်ပြီး လက်တွေ့အားဖြင့်တော့ ၃ နေရာ ရရုံနဲ့ သမ္မတဖြစ်ဖို ကျိန်းသေလာပါပြီ။
ထရမ့်ဟာ မဲရုံတွေ ပိတ်သိမ်းပြီးတဲ့နောက် ပြည်နယ် တစ်ခုချင်းစီရဲ့ မဲရလဒ်တွေ ထုတ်ပြန်ချိန် တလျှောက်လုံး ဟားရစ်အပေါ် အသာစီး ရခဲ့ပြီး သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီကို ထောက်ခံမှု အားကောင်းတဲ့ ပြည်နယ်တွေမှာရော၊ ကြားပြည်နယ်တွေမှာပါ ဦးဆောင်နိုင်ခဲ့ပါတယ်။ အရေးပါတဲ့ ကြားပြည်နယ် တစ်ခုဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယားမှာ ထရမ့်အနိုင်ရသွားတဲ့ အချိန်မှာတော့ ရွေးကောက်ပွဲရလဒ်က သေချာသွားပြီလို ကောက်ချက်ချနိုင်ခဲ့ပါတယ်။

Public Service Announcement
တခြား ကြားပြည်နယ် နှစ်ခုဖြစ်တဲ့ မြောက်ပိုင်းကာရိုလိုင်းနားနဲ့ ဂျော်ဂျီယာ ပြည်နယ်တွေမှာလည်း အနိုင်ရခဲ့ပြီး ဖြစ်ပါတယ်။ ဒါတင် မကသေးဘဲ ကြားပြည်နယ် ၇ ခုထဲမှာ ၃ ခုကို ထရမ့်က အနိုင်ရထားပြီး မဲရေတွက်နေဆဲ ၄ ခုမှာလည်း ဦးဆောင်နေတာကို တွေ့ရပါတယ်။
တရားဝင် ကြေညာချက် မထွက်ပေါ်သေးပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို သေချာလာတဲ့နောက် ဖလော်ရီဒါ ပြည်နယ်မှာ ထရမ့်က မိန့်ခွန်းပြောခဲ့ပြီး သူအနိုင်ရခဲ့ပြီလို ကြေညာသွားပါတယ်။ တစ်ဖက်မှာတော့ ဟားရစ်ဟာ ရွေးကောက်ပွဲအပြီး မိန့်ခွန်းပြောဖို စီစဉ်ထားတာကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
သူ့ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုဟာ အမေရိကန် ပြည်သူတွေရဲ့ ထူးကဲ ကောင်းမွန်လှတဲ့ အောင်ပွဲဖြစ်ပြီး အမေရိကန်အတွက် ရွှေခေတ်ရောက်လာတော့မယ်လို ထရမ့်က အောင်ပွဲမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ ၄၅ ဦးမြောက် သမ္မတ ဖြစ်ခဲ့ဖူးသလို ၄၇ ဦးမြောက် သမ္မတလည်း ဖြစ်လာမယ့် ထရမ့်က သူ့အနေနဲ့ အမေရိကန်ကို တကျော့ပြန် ကြီးမြင့်လာအောင် တာဝန်ယူခွင့် ရတော့မယ်လိုလည်း ကြွေးကြော်ခဲ့ပါတယ်။
သူ့ကို မဲပေးခဲ့တဲ့ သူတွေဟာ နောင်တစ်ချိန် အတိတ်ကို ပြန်အောက်မေ့မိရင် သူတိုဘဝမှာ အရေးအပါဆုံး နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ အတွေးနဲ့ ပီတိဖြစ်နေမှာ သေချာကြောင်း၊ သူဟာ အမေရိကန် ပြည်သူတွေရဲ့ ခြွင်းချက်မရှိ ယုံကြည် အပ်နှံမှုနဲ့ ထိုက်တန်စွာ အနိုင်ရခဲ့ကြောင်း ထရမ့်က ပြောပါတယ်။
ဒါ့အပြင် သူက ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်နဲ့ မိသားစုကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး မယ်လာနီယာကို သမ္မတကတော်လို သုံးနှုန်း ခေါ်ဝေါ်ခဲ့ပါတယ်။ စင်မြင့်ထက်မှာတော့ မယ်လာနီယာနဲ့အတူ ထရမ့်ရဲ့ သားသမီးတွေပါ ရှိနေခဲ့တာကို တွေ့ရပါတယ်။
နောက်ပြီး သူက ဒုတိယ သမ္မတလောင်းအဖြစ် အတူရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဂျိမ်းဒေးဗစ်ဗန့်စ်ကိုလည်း မိန့်ခွန်းပြောဖို နေရာပေး ဖိတ်ခေါ်ခဲ့ပါတယ်။ ဗန့်စ်က ထရမ့်ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုဟာ နိုင်ငံရေး သမိုင်းမှာ အထူးကဲဆုံး တကျော့ပြန်လာနိုင်မှုလို ချီးကျူး ညွှန်းဆိုသွားပါတယ်။
ထရမ့်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အပြင် နှစ်ပေါင်း ၂၀ အတွင်း ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းတွေက ရွေးကောက်ပွဲမှာ ပြိုင်ဘက်ထက် မဲပိုမရခဲ့ဘူးဆိုတဲ့ စံချိန်ဆိုးကိုပါ ပယ်ဖျက်နိုင်ဖွယ် ရှိနေပါတယ်။ သူကိုယ်တိုင်လည်း ၂၀၁၆ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ဖူးပေမယ့် အဲဒီတုန်းက ပြိုင်ဘက် ဟီလာရီ ကလင်တန်ထက် လူထုထောက်ခံမဲ ပိုလျော့နည်းပြီး ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ ထရမ့်ဟာ မဲရေတွက်မှုတွေ မပြီးသေးပေမယ့် ဟားရစ်ထက် ထောက်ခံမဲ ၅ သန်းလောက် အသာစီး ရထားပြီ ဖြစ်ပါတယ်။
၂၀၂၄ ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ် ပါတီအတွက်တော့ မေ့ပစ်ချင်စရာ ဖြတ်သန်းမှုတစ်ခု ဖြစ်လာဖွယ် ရှိနေပြီး ပြည်နယ်တချိုရဲ့ အထက်လွှတ်တော်အမတ် ရွေးကောက်မှုတွေမှာပါ ရီပတ်ဘလစ်ကန်တွေကို နှစ်နေရာစာ ရှုးနိမ့်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အခုအခါ ဒီမိုကရက်တစ် ပါတီဟာ အထက်လွှတ်တော်မှာ အင်အား အသာစီး ရထားမှုကိုပါ လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
ကိုးကား: BBC, Fox
