အမေရိကန်ရဲ့ တိုက်လေယာဉ် နည်းပညာ သာလွန်မှုကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတဲ့ ကိုယ်ပျောက် တိုက်လေယာဉ် အသစ်ကို တရုတ်ဟာ မကြာခင် တရားဝင် မိတ်ဆက် ပြသသွားမယ်လို့ သိရပါတယ်။
J-35A တိုက်လေယာဉ်ရဲ့ ပထမဆုံး ဓာတ်ပုံကို တရုတ် လေတပ်က စစ်ရေး လေ့လာသူတွေအတွက် နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြခဲ့ပြီး လာမယ့် သီတင်းပတ်၊ နိုင်ငံတော်ပိုင်း ဇူဟိုင်မြို့မှာ ကျင်းပမယ့် လေကြောင်းပြပွဲ တစ်ခုမှာ တရားဝင် မိတ်ဆက်ဖို့ လျာထားတာ ဖြစ်ပါတယ်။
အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက်အဖြစ် သတ်မှတ်ခံရပြီး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စွမ်းရှိတဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ထုတ်လုပ်မှုမှာ အမေရိကန်က ဦးဆောင်နေတာကို အမီလိုက်ဖို့ တရုတ်ဟာ J-35Aကို မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေပါတယ်။
ကမ္ဘာပေါ်မှာ လက်တွေ့ အသုံးချနိုင်တဲ့အဆင့်အဖြစ် သတ်မှတ်ခံရတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၄ မျိုးသာ ရှိသေးပြီး အမေရိကန်ရဲ့ F-22နဲ့ F-35တွေ၊ တရုတ်ရဲ့ J-20နဲ့ ရုရှားရဲ့ Su-57တို့ ဖြစ်ပါတယ်။ အဲဒီထဲမှာ F-22တွေဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ်ခံရပြီး အမေရိကန်နဲ့ မဟာမိတ်တွေဆီကိုသာ ကန့်သတ် ရောင်းချပေးတဲ့ ဘက်စုံသုံး F-35တွေကတော့ နည်းပညာ အရမ်းမြင့်မားသလို လက်တွေ့ တိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

Public Service Announcement
J-35Aတွေသာ လေတပ်မှာ လက်တွေ့ တာဝန်ထမ်းဆောင်နိုင်တဲ့ အဆင့်ထိ အမှန်တကယ် ရောက်လာရင်တော့ တရုတ်ဟာ အမေရိကန်နည်းတူ အဆင့်မြင့် ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်မျိုး ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ။ တရုတ်ကုမ္ပဏီ ချန်ဒူက အဓိက တာဝန်ယူ တည်ဆောက်တဲ့ ၂၀၁၇ ကတည်းက တရုတ်လေတပ်မှာ စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။
ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဟာ ကိုယ်ပျောက် နည်းပညာ ပိုင်ဆိုင်ထားတာကြောင့် ရန်သူ့ ရေဒါတွေနဲ့ ထောက်လှမ်းဖို့ ခက်ခဲလွန်းပြီး ပစ်မှတ်ကို လက်ဦးမှုယူ တိုက်ခိုက်နိုင်တဲ့ မဟာဗျူဟာ အသာစီးရမှုကို ပိုင်ဆိုင်ထားပါတယ်။
J-35Aဟာ အနာဂတ်မှာ မျိုးကွဲတွေ ထပ်မံထုတ်လုပ်ပြီး အမေရိကန်ရဲ့ F-35တွေလိုပဲ လေယာဉ်တင် သင်္ဘောတွေပေါ် အခြေစိုက်နိုင်တဲ့ အမျိုးအစားတွေပါ တီထွင်နိုင်အောင် ဒီဇိုင်း ရေးဆွဲထားဟန် ရှိတယ်လို့ တရုတ် စစ်ရေး သုတေသီ တစ်ဦးဖြစ်တဲ့ လီလိက CCTV သတင်းဌာနကို မှတ်ချက်ပေးခဲ့ပါတယ်။ J-35Aဟာ တရုတ်က မျှော်မှန်းထားတဲ့ စစ်ရေး ရည်မှန်းချက်တွေကို လက်တွေ့ ဖြည့်ဆည်းနိုင်မယ်ဆိုရင် တရုတ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းချီ စစ်ဆင်ရေးတွေမှာ အများကြီး ပေါင်းစပ် အားဖြည့်ပေးစေနိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။
တရုတ်အနေနဲ့ J-35Aကို ဘယ်အချိန်မှာ စတင်ပြီး တပ်တော်ဝင်စေဖို့ ရည်ရွယ်ထားသလဲ၊ လေတပ်အပြင် ရေတပ်အတွက်ပါ အသုံးပြုမလား ဆိုတာတွေကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
အမေရိကန်ရဲ့ F-35တွေမှာတော့ A၊ B၊ Cအဓိက မျိုးကွဲသုံးခုရှိပြီး သမားရိုးကျ ပြေးလမ်းတွေကနေ စစ်ဆင်ရေး လုပ်ဆောင်နိုင်မယ့် အမျိုးအစား၊ လေယာဉ်တင် သင်္ဘောတွေမှာ အတက်အဆင်း လုပ်နိုင်မယ့် အမျိုးအစား၊ ရဟတ်ယာဉ်တွေလို ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်မယ့် အမျိုးအစားတွေ အဖြစ် ကွဲပြားသွားပါတယ်။ ပြီးတော့ F-35 မူကွဲတွေအလိုက် လေတပ်၊ ရေတပ်နဲ့ မရိန်းတပ်ဖွဲ့တွေမှာ ဖြန့်ကျက် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
ကိုးကား: CNN
