စစ်ရေး ပဋိပက္ခ ကာလအတွင်း ကမ္ဘောဒီးယားနဲ့ ထိုင်းတို့အတွက် စစ်သုံးဒရုန်းတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဂျပန်နဲ့ တရုတ်တို့က အသီးသီး ငြင်းဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွေဟာ အဲဒီ သတင်းတွေ မမှန်ကန်ဘူး ဆိုတာကို ဩဂုတ် ၆ ရက်နေ့က Facebookမှာ ငြင်းချက်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဇူလိုင်လ အတွင်းက အရှေ့တောင် အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာမှာ ထိုင်းက ဂျပန်ရဲ့ ဒရုန်းတွေ၊ ကမ္ဘောဒီးယားက တရုတ်ရဲ့ ဒရုန်းတွေကို အသီးသီး အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။
ခမာနဲ့ အင်္ဂလိပ် ဘာသာတွေနဲ့ ရေးသားခဲ့တဲ့ ဂျပန်သံရုံး ထုတ်ပြန်ချက်မှာတော့ ဂျပန်အစိုးရဟာ အဲဒီလို စစ်သုံးပစ္စည်းတွေကို ထိုင်းဆီ ထောက်ပံ့ဖို့ ဘယ်တုန်းကမှ အစီအစဉ် မရှိခဲ့သလို ထိုင်းဖက်ကလည်း တောင်းဆိုတာ မရှိခဲ့ဘူးလို့ ဖြေရှင်းထားပါတယ်။ နိုင်ငံတကာ အကျပ်အတည်း အဆင့်မျိုးနဲ့ တိုက်ရိုက် မပတ်သက်တဲ့ ဘယ်နေရာကိုမဆို ဂျပန်ရဲ့ ကူညီမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားကြောင်း၊ သတင်းတု သတင်းမှားတွေ လျှောက်ပြောမနေကြဘူးဆိုရင် ကျေးဇူးတင်မိမှာဖြစ်ကြောင်း သံရုံးက ဆိုပါတယ်။

Public Service Announcement
ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ခြင်းကို ဂျပန် အစိုးရက အထူးအလေးထားသလို ကမ္ဘောဒီးယား ပြည်သူတွေလည်း ပုံမှန် ဘဝတွေကို အမြန်ဆုံး အေးအေးချမ်းချမ်း ပြန်လည် ရရှိကြဖို့ အလေးအနက် ဆန္ဒပြုကြောင်း ဖနွမ်ပင်မြို့မှာရှိတဲ့ ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
အလားတူ ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံးကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ရှင်းလင်းချက် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယားရဲ့ နယ်စပ် စစ်ဆင်ရေးမှာ သုံးဖို့ တရုတ်က ဒရုန်းတွေ လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုသွားပါတယ်။ အဲဒီ ပြောဆိုနေမှု အားလုံးက မမှန်ဘူးလို့ တရုတ်သံရုံးက ဆိုပါတယ်။
လူမှုကွန်ရက်ပေါ်မှာ သတင်းမှား ဖြန့်နေတဲ့ ဓာတ်ပုံတွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကမ္ဘောဒီးယားမှာ တရုတ် အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်းရဲ့ သရုပ်ပြ အစီအစဉ် တစ်ခုကို ရိုက်ကူးထားတာသာ ဖြစ်ပြီး လတ်တလော အခြေအနေတွေနဲ့ ဘယ်လိုမှ အဆက်အစပ် မရှိဘူးလို့ တရုတ်က ရှင်းလင်းသွားခဲ့ပါတယ်။
နောက်ပြီး အပစ်ရပ် သဘောတူညီမှုကို အပြုသဘောဆန်ဆန် ချဉ်းကပ်ပြီး အားပေး ကူညီဖို့၊ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အမြန်ဆုံး ပြန်လည် ရရှိဖို့အတွက် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား အစိုးရတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့လည်း တရုတ်အစိုးရက ရည်ရွယ်ထားကြောင်း သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ဇူလိုင် ၂၄ ကနေ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေဟာ လက်ရှိ အချိန်ထိ အပစ်ရပ် သဘောတူညီမှုအရ ငြိမ်သက်နေပေမယ့် နယ်စပ်မှာတော့ ကင်းထောက် ဒရုန်းတွေ ပျံသန်းမှု ရှိနေပါတယ်။ ထိုင်းစစ်တပ်ကတော့ အဲဒီဒရုန်း အများစုဟာ ကမ္ဘောဒီးယားက စေလွှတ်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ကိုးကား: Bangkok Post












































