သြဂုတ်-၆၊ ၂၀၂၅။ဇေအောင်/People’s Spring
ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်က တော်ဝင်လမ်းကို ကျဆုံးရဲဘော် မဝတ်ရည်အောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်ရည်လမ်းလို့ ပြောင်းလဲခေါ်ဆိုပေးဖို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအပါအဝင် ကျောင်းသားထု အသင်းအဖွဲ့ ၁၂ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ မဝတ်ရည်အောင်ဟာ စစ်အာဏာရှင်နဲ့ အပေါင်းအပါ လက်ကိုင်တုတ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို အံတုရင်း ဇူလိုင်၂၀ ရက်က အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကျဆုံးခဲ့ရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ဒီကနေ့ သြဂုတ် ၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မဝတ်ရည်အောင်ဟာ သမဂ္ဂအလံတော်အောက်မှာ ကျောင်းသားထုအကျိုးကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ပြီး ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်းမှာလည်း ပြည်သူလူထုအကျိုးအတွက် စေတနာအပြည့်နဲ့ မဆုတ်မနစ် တာဝန်ထမ်းရွက်ခဲ့သူတဦးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ကျောင်းသားထု၊ ပြည်သူလူထုနဲ့အတူ စစ်အာဏာသိမ်း ဆန့်ကျင်မှုကို တပ်ဦးကနေ ရဲဝံ့စွာ တော်လှန်တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

Public Service Announcement
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအပါအဝင် ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူများနဲ့ ပြည်သူလူထု တရပ်လုံးအနေနဲ့ မဝတ်ရည်အောင်ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် တော်လှန်ရေး ရေစီးအတွင်းမှာ အသက်ပေးလှူမှုအား အမြဲမပြတ် သတိရလျက် ဂုဏ်ပြုဦးညွတ်နေမှာဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဆိုပါတယ်။
ဒါ့ကြောင့် ရဲဝံ့စွာ အသက်ပေးသွားခဲ့တဲ့ မဝတ်ရည်အောင်ကို အလေးထား ဂုဏ်ပြုတဲ့အနေနဲ့သော်လည်းကောင်း၊ မတရားဖမ်းဆီး အကျဥ်းကျခံနေရတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့ ရဲရင့်မှုကိုလည်းကောင်း၊ မဝတ်ရည်အောင်ရဲ့ ရဲရင့်တဲ့စိတ်ဓါတ်၊ သစ္စာတရားကို မြတ်နိုးတဲ့ စိတ်ဓါတ်၊ မတရားမှုကို ခေါင်းငုံ့မခံတဲ့ သမဂ္ဂစိတ်ဓါတ်တွေကို နောင်လာနောက်သား ကျောင်းသားထုရဲ့စိတ်မှာ အစဥ်အမြဲ ကိန်းအောင်းနေစေဖို့ ရည်ရွယ်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအပါအဝင် ဒဂုံတက္ကသိုလ် ကျောင်းသားထု အသင်းအဖွဲ့ ၁၂ ခုက ဒဂုံတက္ကသိုလ်က တော်ဝင်လမ်းကို ဝတ်ရည်လမ်းလို့ ပြောင်းလဲသမုတ်ခေါ်ဆိုပေးဖို့ ဒဂုံတက္ကသိုလ် ကျောင်းသားထုကိုယ်စား ဒဂုံတက္ကသိုလ် ကောင်စီအား တောင်းဆိုလိုက်တယ်လို့ ကျောင်းသားသမဂ္ဂက အသိပေးပါတယ်။
တောင်းဆိုတဲ့ အသင်းအဖွဲ့တွေကတော့ Future The Dagon၊ Unity & Progress၊ Freedom Peacock-DU၊ Tai Youth Student Association (TYSA DU)၊ Dagon University Hiking And Mountain Club (DUHMC)၊ Arch Family၊ Dagon University Cheerleaders၊ Dagon University Law Students Union (DULSU)၊ Dagon University Botany Students Union Association ( DUBSA)၊ Dagon University Student Emergency Response Team (DUSERT)၊ Dagon University Electronics Sport Committee (DueC)၊ Dagonian ဒဂုံနီးယမ်း စတဲ့ အဖွဲ့တွေက တောင်းဆိုတာလို့ သိရပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အသက် ၂၆နှစ်ပဲရှိသေးတဲ့ မဝတ်ရည်အောင်ဟာ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ဦးနဲ့အတူ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာပါ။
စစ်ကြောရေးရဲ့ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကြောင့် ဖမ်းဆီးခံရပြီး သုံးလအကြာမှာ လေဖြန်းဝေဒနာ ခံစားခဲ့ရတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။
မဝတ်ရည်အောင်ဟာ၂၀၂၂ မတ်လ ၁၀ ရက်မှာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံလိုက်ရတယ်။ ဧပြီလမှာ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတယ်။ အဲဒီနောက် ကျန်းမာရေးဆိုးရွားလာလို့ အင်းစိန်ထောင်ကို ပြန်လည်ပြောင်းရွှေ့ခံရတယ်။၂၀၂၃ ဇွန်လ ၂၇ ရက်နေ့မှာတော့ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၄နှစ်ချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ် ၇နှစ်ဖြစ်လာခဲ့တယ်။
ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံရပြီးတဲ့နောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာနဲ့ (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့ပါသေးတယ်။
အင်းစိန်အကျဉ်းထောင်အတွင်း ဆိုးရွားတဲ့အကျဉ်းထောင်စနစ်တွေကြောင့် မဝတ်ရည်အောင်ဟာ ဆေးကုသမှူလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံကြောင့် မကြာခဏတက်တာ၊ သတိလစ်တာ ၊ နှလုံးရပ်တာတွေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ဇူလိုင်၂၀ ရက် မနက် (၃) နာရီမှာတော့ မဝတ်ရည်အောင်ဟာ အင်းစိန်အကျဉ်းထောင်အတွင်းမှာ ကျဆုံးခဲ့ပါတယ်။












































