ပျူခေါင်းဆောင်အပါအဝင် ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်လို့ထနောင်းမြေစစ်ကြောင်းထုတ်ပြန်
တိမ်းရှောင်နေတဲ့ ဂန့်ဂါရပ်ကွက်ဒေသခံတွေ သုံးရက် အတွင်းပြန်မလာရင်မီးရှို့မယ်လို့ စစ်တပ်က ခြိမ်းခြောက်
ဇွန် ၄၊ ၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ်၊ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် အပါအဝင် လူ ၉ ဦးသေဆုံးခဲ့တဲ့ ပစ်ခေတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့တဲ့ထနောင်းမြေစစ်ကြောင်း နဲ့ စစ်ကောင်စီဘက်ကပြောဆိုမှုတွေ နှစ်ဘက်ကွဲလွဲနေပါတယ်။

Public Service Announcement
ဇွန်လ (၁)ရက်နေ့က ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရွာက စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဇော်ဇော် နဲ့ သူ့နောက်လိုက် ၈ ဦးတို့ကရက်ကွက်ထိပ် ဇရပ်မှာ ဆက်ကြေးကောက်နေတုန်းထနောင်းမြေစစ်ကြောင်းလာပစ်သွားတာလို့ ထနောင်းမြေစစ်ကြောင်းကထုတ်ပြန်ပါတယ် ။
ပစ်ခတ်မှုကြောင့် ပျူခေါင်းဆောင် ဇော်ဇော်အပါအဝင် သူ့ရဲ့နောက်လိုက် ၈ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက IO ကိုမူတူးက ပြောပါတယ်။
“ကျနော်တို့က အဓိကထားတာက သူ့ကို( ပျူခေါင်းဆောင် ဇော်ဇော် )ပဲပစ်တာ။ သူတို့ကိုပစ်ပြီးတဲ့အချိန်မှာ တန်းကွေ့တယ်။ အဲဒီမှာ ပေါက်ကွဲသံကြားရတယ်။ ကွေ့ပြီးပြန်ကြည့်တော့ အကုန်လုံး မှောက်နေပြီ။ တယောက်ပဲ ဒဏ်ရာရတယ်။ သူ့မှာ ဘာမှမပါလို့ဘာမှမလုပ်ခဲ့ဘူး။သူက(ပျူခေါင်းဆောင်က) တိုင်ထောင့်မှာဆိုတော့ သူ့ကိုပဲ အဓိကထားပြီးပစ်လိုက်တာ။ ပစ်ပြီးတဲ့အချိန်မှာ တန်းကွဲတာ။ လက်ပစ်ဗုံးက သူတို့လက်ပစ်ဗုံးပါ။ ကျနော်တို့မှာ လက်ပစ်ဗုံးမပါဘူး။”လို့ ကိုမူတူးက ဆိုပါတယ်။
ပျူခေါင်းဆောင်ကိုပစ်ခတ်စဥ် ၎င်းလက်ထဲမှဗုံးပါပေါက်ကွဲ၍ ၎င်းနှင့်အတူရှိသူ ၈ ဦးပါသေဆုံးခဲ့တယ်လို့ ကိုမူတူးကပြောပါတယ်။
ဒါ့အပြင် ပျူခေါင်းဆောင်နဲ့ အဖွဲ့ဆီကနေ ပွိုင့်22 လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ပ္ပိုင့်22ကျည် ၆ တောင့်၊ ဆိုင်ကယ် ၂ စီးနဲ့ ပျူစောထီး သက်သေခံ အထောက်အထားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ ပျူခေါင်းဆောင်ဟာ စစ်မှုထမ်းဟောင်းဖြစ်တယ်ဆိုတဲ့ ကတ်ကိုပါတွေ့ရပါတယ် ။
စစ်ကောင်စီကတော့ ဂန့်ဂါရပ်ကွက်မှာပဌာန်းပွဲလုပ်ဖို့ အတွက် ဓမ္မာရုံမှာ ရပ်မိ၊ရပ်ဖ ၁၅ဦးက အစည်းအဝေးလုပ် အလှူငွေကောက်ခံနေစဉ်မှာNUG လက်အောက်ခံ PDF တွေကထော်လာဂျီနဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ ဝါဒဖြန့်နေပါတယ် ။ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အပါအဝင် ရပ်မိ၊ရပ်ဖဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ အမျိုးသား ၉ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါ အဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ကာတယ် ။
ဒါပေမယ့်ထနောင်းမြေစစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံလက်နက်ကိုင်အဖွဲ့မဟုတ်ဘူးလို့ သိရပါတယ် ။
ဒါအပြင် PDFတွေက ပဌာန်းပွဲအတွက် ကောက်ခံထားတဲ့ အလှူငွေတွေလည်း ယူသွားတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကဖြန့်ချီထားပါတယ် ။ ဒါပေမယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်ဟာ ပြည်သူ့စစ်မှုထမ်းဖြစ်တယ် ၊ပျူစောထီးဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး ။ဒါအပြင်စစ်ကောင်စီကထုတ်ပြန်တာမှာ ပျူခေါင်းဆာင် ဇော်ဇော်သေဆုံးတာကိုမပြဘဲ တခြားသူတွေ သေဆုံးတာကိုပဲ ဓါတ်ပုံတွေထုတ်ပြန်ထားတာကိုတွေ့ရပါတယ် ။
ဒါပေမယ့် ထနောင်းမြေစစ်ကြောင်းရဲ့ IO ကိုမူတူးကတော့သေဆုံးသူတွေထဲ ပြည်သူမပါဝင်ဘဲ ပျူခေါင်းဆောင်နောက်လိုက်တွေသာ ဖြစ်တယ်လို့ဆိုပါတယ် ။ဒါအပြင် ပဌာန်းပွဲအတွက်အစည်းအဝေးလုပ်တာမဟုတ်ပဲ ရပ်ကွက်ထိပ်ဇရပ်မှာ ဆက်ကြေးကောက်နေကြတာလို့ သူကဆက်ပြောပါတယ်။
ပျူခေါင်းဆောင်ကို ဦးတည်သွားပစ်တာဖြစ်ပြီး ပျူတွေရဲ့ လက်ပစ်ဗုံးကို ကျည်ထိရာကနေ ဗုံးပေါက်ကွဲ ၈ ဦးအထိ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ထနောင်းမြေစစ်ကြောင်းက IO ကိုမူတူးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ထနောင်းမြေစစ်ကြောင်းနဲ့အတူ BAGAN&NYAUNG -U Special Task Forceတို့က ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုမှာ ပျူခေါင်းဆောင်ဇော်ဇော်မှအပ ကျန်သေဆုံးခဲ့သူတွေဟာ ပြည်သူတွေလား ၊ပျူစောထီးနဲ့ပျူနောက်လိုက်တွေလားဆိုတာကိုတော့ People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။
အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက် ဂန့်ဂါရွာဒေသခံတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံအချို့ဟာ မနေရဲတော့ဘဲ တခြားနေရာတွေဆီ ဘေးလွတ်ရာတိမ်းရှောင်နေကြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကြောက်လန့်ပြီး ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ဂန့်ဂါရွာခံတွေသုံးရက်အတွင်းပြန်လည်နေထိုင်ကြဖို့ စစ်တပ်က ဖိအားပေးနေတယ်လို့ ပုဂံမြို့ခံတချို့က ပြောပါတယ်။
“အားလုံးပြေးကုန်ကြပြီ ကြောက်နေကြတယ်။ အခုစစ်တပ်ကဝင်ပြီး ပြန်နေကြဖို့ ပြောနေတယ်။ သုံးရက်အချိန်ပေးတယ်ပေါ့။ ပြန်မလာရင် မီးရှို့မယ်လို့ပြောတယ်”လို့ သူကဆက်ပြောပါတယ်။
