■အရေးယူမည့် ဆုံးဖြတ်ချက်များကို ILO အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ် အတည်ပြုမည်
ဇွန်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring
စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတကာအလုပ်သမားညီလာခံမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၂ ရက်မှစ၍ ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပနေသည့် ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ( 113th ILC)ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
113th ILC ကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှုသည် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တင်သွင်းထားသည့် ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံရန်နှင့် စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေးအတွက် ဖြစ်ကြောင်း အသိပေးသည်။
ညီလာခံတွင် မြန်မာပြည်အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် မြန်မာပြည်တွင် စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု စသည့် အကြမ်းဖက်ကျူးလွန်နေမှုများကို ရပ်တန့်ရန်အတွက် 113th ILC မှ ထိရောက်သည့် နည်းလမ်းများဖြင့် ပိတ်ဆို့အရေးယူရမည့် ကိစ္စရပ်များကို ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
113th ILC ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များက စစ်ကောင်စီသည် ဝင်ငွေဆက်လက် ရရှိပါက ပြည်သူများကိုသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေမည်ဟု ဆုံးဖြတ်ချက်ချမှတ်ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် လူ့အခွင့်အရေး၊အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တွေ့ရှိချက်ကို လိုက်နာမှု ပျက်ကွက်ခဲ့၍ စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှုမျိုး အရေးယူပေးရန်လည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်၌ မြန်မာ့အရေးကို စုပေါင်းဆွေးနွေးထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုကို ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ ညီလာခံတက်ရောက်လာကြသည့် ညီလာခံ ကိုယ်စားလှယ်များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း NUG က အသိပေးသည်။
ဆန္ဒပြပွဲမှတဆင့် စစ်ကောင်စီအပေါ်တွင် ထိရောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်ရန်၊ Article 33 အရ အရေးယူနိုင်ရေး လိုအပ်သည့် မဲခွဲဆုံးဖြတ်သည့်နေ့ရောက်လျှင် မြန်မာပြည်သူနှင့်အတူတူ ရပ်တည်ရေးကိုလည်း တောင်းဆိုခဲ့သည်။
မြန်မာပြည်သူများနှင့် အတူတူ ရပ်တည်ကြောင်း၊ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ပြီး Article 33 အရ အရေးယူရေးကိစ္စရပ်များကို နိုင်ငံတကာအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ ညီလာခံ ကိုယ်စားလှယ် အသီးသီးက ဆန္ဒပြပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ ပွင့်ဆိုင် ကိုယ်စား လှယ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့်အတူ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အသီးသီးက မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများကို မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း NUGက ထုတ်ပြန်သည်။
Article 33 ခေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်သည့် နည်းလမ်းများတွင် ကုလသမဂ္ဂ အေဂျင်စီများက ထောက်ပံ့သည့် နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်တို့ကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်ခြင်း၊ ကျူးလွန်သူများကို နိုင်ငံတကာတရားရုံး၌ ခုံရုံးတင် စစ်ဆေးအရေးယူခြင်းတို့ ပါရှိကြောင်း NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးထားသည်။
လွန်ခဲ့သော ၂၅ နှစ် (နအဖ)ခေတ် ဦးသန်ရွှေလက်ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူခဲ့ဖူးပြီး အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့မှုများလုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကို ယခုလတွင် ပြုလုပ်မည့် ILO ၏အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ် အတည်ပြုမည်ဖြစ်သည်။
