ဧပြီ၂၆၊၂၀၂၅။ရဲခေါင်၊မေ/People’s Spring
စစ်ကောင်စီတပ်စွဲထားသည့် မကွေးတိုင်း၊စလင်းမြို့အဝင်ဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ယနေ့(ဧပြီ ၂၆ရက် ) နံနက် ၅နာရီခွဲခန့်တွင် အနီးကပ်ပစ်ခတ်ခဲ့သည့် မြို့အဝင်ဂိတ်သည် စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနှင့် ဆင်ကျူံးကျေးရွာကြားတွင် ရှိသည်ဟု ဆိုသည်။
” စစ်ကောင်စီတပ်သား၁၅ ယောက်လောက်တော့ရှိလိမ့်မယ်။စလင်းမြို့ရဲ့ အဝင်ဂိတ်တစ်ခုပဲ”ဟု Yenanthar Column တာဝန်ရှိသူက စစ်ကောင်စီဂိတ်တိုက်ခိုက်ခဲ့မှုအပေါ် ရှင်းပြသည်။

Public Service Announcement
မိနစ် ၂၀ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ ထိခိုက်မှုများကြောင်း အသိပေးသည်။စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုကို လူထုနွေဦးက သီးခြားအတည်ပြုရန် ဒေသခံများနှင့်ဆက်သွယ်နေဆဲ ဖြစ်သည်။
“မနက်က တိုက်ပွဲ ဖြစ်တဲ့နေရာက မြို့နဲ့ နှစ်မိုင်သုံးကျော်လောက်ပဲဝေးတယ်။ပြီးခဲ့တဲ့ရက်ကတည်းကတော့ စခ တွေဘက်က ကားတန်းတွေနဲ့ မြို့အနောက်ဘက်ကို သွားခဲ့တာရှိတယ်။ဒီမနက်က ဖြစ်စဥ်မှာ သေတာတော့ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ”ဟု စလင်းမြို့ဒေသခံတစ်ဦးက ပြောသည်။
ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကံပြားရဲစခန်းမှ စစ်ကူလာသောကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့ကြောင်းသိရသည်။
စလင်းမြို့အနောက်ဘက်ရှိမြို့အဝင်ဂိတ်ကို မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားသည်။
(ရဲဘော်တစ်ဦးက စလင်းမြို့အဝင်ဂိတ်အား အာပီဂျီဖြင့် ပစ်ခတ်ရန် ချိန်ရွယ်နေစဉ်)
