ဧပြီ၂၆၊၂၀၂၅။ရဲခေါင်၊သတိုး/People’s Spring
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“ရည်ရွယ်တဲ့ချက်ကောင်းပစ်မှတ်တွေကို အကုန်နီးပါးထိတယ်။ ရှော့ဒုံး ၁၀လုံးမို့ ထိခိုက်ပေါက်ကွဲအားကလည်းပြင်းထန်ပါတယ်”ဟု ၎င်းက ပြောသည်။
ဧပြီ ၂၅ ရက် ည ၁၂နာရီတွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့်Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေခံအဖွဲ့များဖြစ်သည့် Upper Minhla P.D.F နှင့် People Independence army (PIO/PIA) တို့ကလည်း အားဖြည့်ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
“ထိခိုက်မှုကတော့ စကစဘက်မှာ စက်ရုံတွေရော၊ လူတွေရော အတော်ထိတယ်လို့ ကနဦးသိထားရပါတယ်။စက်ရုံဝင်းထဲကို မီးသတ်ကား အပါအဝင် ကားတွေ ခုထိဝင်နေဆဲလို့သိရပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ဒေသခံများ၏ပြောကြားချက်အရ ရှော့တိုက်ဒုန်းများ ပေါက်ကွဲချိန်တွင် မြေကြီးတုန်ခါမှုများရှိသည်ဟု ဆိုသည်။
ကပစ(၁၃)သည် စစ်ကောင်စီအနေဖြင့် ပြည်သူများအား တိုက်ခိုက်ရာတွင် အသုံးပြုနေသော အသေးစားကျည်ဆံမှစ၍ လေယာဥ်ဗုံးသီးများအထိ ပြုလုပ်ရာတွင် အဓိကအသုံးပြုရသော Detonator နှင့် Primer(အစပျိုးယမ်း) များကို အဓိက ထုတ်လုပ်ပေးနေသည့် အရေးအပါဆုံးသော ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်ပြီး ယင်းစက်ရုံထိခိုက်ပါက အဆိုပါစက်ရုံကို မှီခို၍ ထုတ်လုပ်နေသော ကပစ (၃)၊ ကပစ (၅)၊ ကပစ (၇)၊ ကပစ (၁၂)၊ ကပစ (၁၅) ၊ ကပစ (၁၇)နှင့် ကပစ (၂၁)တို့၏ ထုတ်လုပ်မှုများလည်းထိခိုက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုစကစက သူတို့၁၀၇ အပစ်ခံရလို့ထွက်လာတဲ့ပေါက်ကွဲသံတွေကို တိုက်ပွဲဖြစ်လို့ ပေါက်ကွဲသံတွေထွက်လာသလိုလိုဖြစ်အောင် လက်နက်ကြီးတွေနဲ့ပြန်ရမ်းပစ်နေပြီး လက်နက်ကြီးပစ်သံလို့ ဝါဒဖြန့်ထားပါတယ် အနီးနားဝန်းကျင်ကို” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
ပေါက်ကွဲမှုဖြစ်ချိန်မှစ၍ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကို ဆက်တိုက်ပြုလုပ်နေပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံးဘေးကင်းသည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုသည် BWM အဖွဲ့၏ ၃၄ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ဧပြီ ၁၈ရက်ကလည်း နေပြည်တော် အေလာလေတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ လေယာဉ်သိုလှောင်ရုံ အဆောက်အဦးတစ်ခုအပါအဝင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
