ဇန်နဝါရီ-၃၀၊၂၀၂၆။သတိုး/People’s Spring
မကွေးတိုင်း၊ မင်းဘူးမြို့နယ်အနောက်ပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရဲ့ မုန်တောင်ရဲစခန်းကို ၁၅ မိနစ်ကြာ တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
“ ၁၅ မိနစ်အတွင်းသိမ်းနိုင်တာက ရန်သူဘက်ကပြန်လည်ပစ်ခတ်တာ မလုပ်နိုင်ပါဘူး။ သေနတ်စပစ်ရုံနဲ့ပြေးသွားတာဆိုတော့ ကျွန်တော်တို့ဘက်က ပစ်တာပဲရှိတယ်။သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ဇန်နဝါရီ ၁၆ ရက် နံနက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်မှာ ရဲ ၂ဦးထိခိုက်ဒဏ်ရာရတယ်ကြားပေမယ့် အတည်မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်။

Public Service Announcement
“ ရဲစခန်းက ပြည်သူတွေကို အနိုင်ကျင့်တယ်ဆိုတာ အဲဒီ့ဘက်ခြမ်းကတိုင်တာတွေလည်းရှိတယ်။ ရှိတဲ့အတွက် အထက်အဆင့်ဆင့်ကိုတင်ပြီး မင်းဘူးခရိုင်စစ်ဌာန ကွပ်ကဲမှုနဲ့ တိုက်တဲ့ပွဲပါ” လို့ အဲဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
မုန်တောင်ရဲစခန်းက ရဲတွေဟာ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ငွေညှစ်တာတွေ ဖမ်းဆီးတာတွေ နဲ့ လူငယ်တွေကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာလို့ဆိုပါတယ်။
ရဲစခန်းအတွင်းက ရဲအသုံးအဆောင် အချို့နဲ့ ပြည်သူတွေဆီကမတရားလုယက်ထားတဲ့ ပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
“ စစ်ကြောင်းတွေလာတယ်။ မင်းဘူးဘက်ကနေ ရှစ်နာရီလောက်မှာ ကားဆယ်စီးနဲ့ အင်အားတွေထပ်တိုးထားတာ။ အခုတော့ အဲဒီ့ဘက်တကြောမှာ မင်းဘူးကိုဝင်နိုင်တဲ့ မင်းလှတို့ ငဖဲတို့ဘက်ကဝင်နိုင်တဲ့လမ်းကြောင်းတွေမှာ ဂိတ်တွေထပ်တိုးချထားတာတွေရှိတယ်” လို့ တိုက်ခိုက်မှုအပြီး မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

















































