ဇန်နဝါရီ-၃၀၊၂၀၂၆။ ထားမြတ်/People’s Spring
မြစ်ကြီးနား-၀ိုင်းမော်ဆက်သွယ်ထားတဲ့ ဧရာ၀တီမြစ်ကူး ဗလမင်းထင် တံတားအောက်မှာ စက်ယန္တရားတွေသုံးပြီး ရွှေတူးဖော်မှု အလွန်အကျွံပြုလုပ်နေကြောင်း မြစ်ကြီးနားဒေသခံအချို့က ပြောပါတယ်။
မြစ်ရေကျချိန်မှာ တံတားအနီး ရေလယ်ကျွန်းမှာ ရွှေပါတဲ့ သံကျောက်တူးဖော်မှုတွေ အရင်ထက် ပိုမိုလုပ်ဆောင်လာနေတာလို့ အသိပေးပါတယ်။
“အဲဒီမှာ နှစ်နှစ်လောက်တောင်ရှိပြီ။ အခု ပိုပြီးမှ ဆိုးလာတာ။ ဒီနှစ်က ရေကြီးတဲ့နောက်ပိုင်းဆို ပိုဆိုးပြီ နေရာက ပိုကျယ်သွားတယ်။အဲဒီမှာ ဘယ်သူမှ ကန့်ကွက်တဲ့သူလည်းမရှိဘူး။ တကယ်ဆို အဲဒါ ကာကွယ်ရမှာ အဲဒီ ဗလမင်းထင်တံတားမှာ ကာကွယ်ကို ကာကွယ်ရမှာ။အခု ရေကျလေ သူတို့က လုပ်တာ ဟိုးအောက်ကို ရောက်နေပြီ။ စက်ယန္တရားကြီးတွေနဲ့ ပဲ လုပ်နေတာ။ အခုဆို ပိုဆိုးပြီ။ သဲကျောက်ကောက်တယ် ရွှေတူးတယ်။ အဲဒီလိုဆို အဲဒီကမြေစာတွေက အကုန် ကုန်းပေါ်မှာ မှာ ရောက်ဆိုတော့ အိုင်တွေဖြစ်သွားမယ်။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရက သူတို့ ကိုယ်တိုင် ခရိုနီတွေနဲ့ ပေါင်းပြီးမှ လုပ်စားတာ နေမှာပေါ့။ အဲဒါကြောင့် မပြောဘဲ နေတာထင်တယ်” လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

Public Service Announcement
အဲဒီလို တူးဖော်ထားတာတွေကို သယ်ဆောင်တဲ့ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာမှု များလွန်းတာကြောင့် အနီးဝန်းကျင်က စျေးသယ်တွေဟာ ဆိုင်တံခါးပိတ် စျေးရောင်းနေရတဲ့ အဖြစ် ကြုံနေရတယ်လို့ ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ စျေးသည် အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ အခုလို အသိပေးထားပါတယ်။
“သူဌေးတွေကို ဦးစားပေးတာပေါ့နော်။ သူဌေးတွေ ကျန်းမာချမ်းသာကြပါစေ။ ဧရာ၀တီမြစ်ထဲက ရွှေပါတဲ့ သဲကျောက်တွေ ဒီလို ကားအကြီးကြီးတွေနဲ့ ဒီလို သယ်ပြီး သူတို့ ဘယ်နားဘာလုပ်လဲတော့ မသိဘူး။ သွားလာနေကြပါတယ်။ မြစ်ကြီးနား စီတာပူ အခြေအနေပါ။ ကျမတို့ ဆိုင်ဖွင့်လို့မရပါဘူး။ ဖုန်တွေ အလိပ်လိုက် အလိပ်လိုက်ဝင်နေတယ်ဆိုတော့။ ဖြူနေတဲ့ အထည်တွေ အကုန်ဝါကုန်ပါပြီ” လို့ စျေးသည်အမျိုးသမီးက ပြောပြထားတဲ့ ရုပ်သံဖိုင်ကိုလည်း တွေ့ရပါတယ်။
မြစ်ကြီးနားဒေသခံကတော့ စစ်ကောင်စီက ခွင့်ပြုထားလို့ အခုလို လူဦးရေထောင်သောင်းချီ ကားအစင်းပေါင်းများစွာ စက်ယန္တရားတွေသုံး လုပ်ဆောင်နေတာလို့ ပြောပါတယ်။
“သူတို့ သဲကျောက်တွေအကုန်ထုတ်တယ်။ အထဲမှာ နှိုက်တယ်။ ယန္တရားကြီးတွေနဲ့ဆို တရက်တရက် တညတည ဆို အိပ်လို့တောင်မရဘူး။ ညဆို တညလုံး မီးတလင်းလင်းနဲ့ တဒုန်းဒုန်းနဲ့ တဒိုင်းဒိုင်းနဲ့ အိပ်လို့တောင်မရဘူး။ရွှေစျေးကလည်း အဲဒီလောက် တက်နေတာဆိုတော့ လောဘတွေ တက်နေကြတာ။ အဲဒါကြောင့်မို့ ဖြိုချင်တိုင်း ဖြိုနေကြတာ” လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။
ကချင်ဒေသ စစ်ရေးသတင်းတွေအပါအဝင် ဒေသတွင်း သတင်းဖြစ်ရပ်တွေ ရေးသားဖော်ပြနေတဲ့ ကချင်သတင်းရင်းမြစ်တဦးကလည်း “တောမီးလောင် တောကြောင် လက်ခမောင်းခတ်။ မြစ်ကြီးနား စီတာပူရပ်ကွက် အထက်နား ဗလမင်းထင်တံတားအောက် ဧရာ၀တီမြစ်ရေလယ်ကျွန်းမှာ စက်ကြီး၊ စက်ကလေး ကားကြီး ကားငယ် အဖုံဖုံနဲ့ နေ့မနား ညမအား ရွှေတူးနေကြတာ မြင်လို့တောင်မကောင်းဘူး။ ပျက်ချင်ရာပျက် ဖြစ်ချင်ရာဖြစ် အမဲဖျက်နေသလိုပဲ”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ခေတ်ပျက်နေတုန်း ရသလောက်ယူမယ့် ဝိသမလောဘသားတွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြကာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဝိုင်းတားဆီးဖို့ လိုလိမ့်မယ်လို့ သူက တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ် မြစ်ဆုံဒေသမှာဆိုရင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုမ္ပဏီတွေဟာ စက်ယန္တရားတွေ သုံး ရွှေတူးဖော်မှု လုပ်ဆောင်တာတွေ ပိုမိုဆိုးရွားစွာလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပြထားပါတယ်။

















































