အငြင်းပွားစရာတွေ ဖြစ်ပေါ်စေခဲ့တဲ့ အပ်စတိန်းဖိုင်ပေါင်း အရေအတွက် သန်းနဲ့ချီပြီး အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပေးခဲ့တဲ့နောက်ပိုင်း အရေအတွက် အများဆုံး ထုတ်ပြန်မှုလည်း ဖြစ်လာပါတယ်။
အပ်စတိန်း ဖိုင်ဆိုတာဟာ အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု၊ လူမှောင်ခိုမှု တရားခံ အမေရိကန် လုပ်ငန်းရှင် သူဌေးကြီး အပ်စတိန်းရဲ့ အမှုကို စစ်ဆေးထားတဲ့ အကြောင်းအရာတွေ၊ စုံစမ်းမှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို စုစည်းထားတဲ့ ဖိုင်တွေကို ဆိုလိုတာပါ။ အပ်စတိန်းဟာ ထရမ့်နဲ့ ပုဂ္ဂိုလ်ရေး နီးစပ်မှုတွေ ရှိခဲ့တာကြောင့်လည်း အပ်စတိန်းဖိုင်တွေဟာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
အစောပိုင်းတုန်းက အမေရိကန် အစိုးရဟာ အပ်စတိန်းဖိုင် အားလုံးကို ထုတ်ပြန်ပေးဖို့ ငြင်းဆိုနေခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ထရမ့်က ဖိုင်အားလုံး လူထုရှေ့မှောက် ထုတ်ပြန်ပေးဖို့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်မှုဟာ အပ်စတိန်းဖိုင်တွေ ထုတ်ပြန်ခဲ့ဖူးသမျှထဲမှာ အရေအတွက် အများဆုံးလည်း ဖြစ်လာပါတယ်။ ဒါဟာ ဖိုင်အားလုံးကို အကုန်အစင် ထုတ်ပေးလိုက်တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထုတ်ပြန်လိုက်တဲ့ထဲမှာ စာမျက်နှာပေါင်း ၃ သန်း၊ ဓာတ်ပုံပေါင်း ၁၈၀၀၀၀ နဲ့ ဗီဒီယိုပေါင်း ၂၀၀၀ ကျော် အချက်အလက်တွေ စုစည်းပါဝင်နေပါတယ်။ အခု ထုတ်ပြန်မှုဟာ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေအကြောင်း အမေရိကန် ပြည်သူတွေရှေ့ ပွင့်လင်းမြင်သာစွာ ချပြလိုက်ခြင်း ဖြစ်တယ်လို့ ဒုတိယ ရှေ့နေချုပ် တော့ဒ်ဘလန်ချေးက ပြောကြားခဲ့ပါတယ်။ ဖိုင်တွေထဲမှာတော့ စစ်ချက်ယူတာတွေ အပါအဝင် ထောင်ထဲမှာ အပ်စတိန်း ရှိနေခဲ့တုန်းက ကိစ္စတွေ၊ စိတ်ပိုင်းဆိုင်ရာ ဆေးစစ်မှု ခံယူတာမျိုး မှတ်တမ်းတွေပါ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် အပ်စတိန်းနဲ့ လူသိထင်ရှား ပုဂ္ဂိုလ်တချို့ကြား အပြန်အလှန် ပေးပို့ထားတဲ့ အီးမေးလ်တွေလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
ဖိုင်တွေထဲမှာတော့ ထရမ့်ရဲ့ နာမည်ကို ရည်ညွှန်းထားတာ အကြိမ်ပေါင်း ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။ ထရမ့်က သူနဲ့ အပ်စတိန်းတို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးတာကို မငြင်းပေမယ့် နောက်ပိုင်းမှာ သူတို့ချင်း အဆက်ပြတ်သွားခဲ့သလို အပ်စတိန်း ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မှုခင်းတွေအကြောင်း လုံးဝ မသိခဲ့ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ဖိုင်တွေထဲမှာ ထရမ့်က အပ်စတိန်း အမှုတွေကို ဆက်နွှယ် သိရှိကြောင်း တိုင်ကြားချက်တွေကို စစ်ဆေးထားတာတွေလည်း ပါဝင်ခဲ့ပြီး အများစုကတော့ အတည်မပြုနိုင်တဲ့၊ မခိုင်မာတဲ့ သတင်းအချက်အလက်တွေကို အခြေခံထားကြတာတွေသာ ဖြစ်တယ်ဆိုတာ ပါရှိခဲ့ပါတယ်။ အဲဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ထရမ့်နဲ့ ပတ်သက်လို့ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)ဆီကို တိုင်ကြားခဲ့တဲ့ အကြောင်းအရာတွေ ပါဝင်ကြောင်းနဲ့ အချက်အလက်တွေ ခိုင်မာမှု မရှိကြောင်း တရားရေး ဝန်ကြီးဌာနက မှတ်ချက်ပေးထားပါတယ်။
ဖိုင်တွေထဲမှာတော့ ဗြိတိန်ရဲ့ တော်ဝင်မိသားစု၊ လူ့မလိုင်အလွှာတွေနဲ့ အပ်စတိန်းကြား အဆက်အဆံ ရှိခဲ့တဲ့ မှတ်တမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ နယ်စားကြီးလို့ သုံးနှုန်းထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဘက်ကင်ဂမ် နန်းတော်မှာ ညစာစားတဲ့ကိစ္စ ဆွေးနွေးထားတာ တွေ့ရပါတယ်။ အန်ဒရူး မောင့်ဘက်တန် ဝင်ဆာလို့ ယုံကြည်ရတဲ့ အဲဒီ ပုဂ္ဂိုလ်က နန်းတော်ထဲမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်မှု အများကြီး ရှိနိုင်တယ်လို့ ပြောထားပြီး နောက်ထပ် အီးမေးလ်ထဲမှာတော့ အပ်စတိန်းက အသက် ၂၆ နှစ်အရွယ် ရုရှား မိန်းကလေး တစ်ဦးနဲ့ နယ်စားကြီးကို မိတ်ဆက်ပေးလိုကြောင်း ကမ်းလှမ်းထားခဲ့ပါတယ်။ အန်ဒရူးဟာ အပ်စတိန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပြီး သူကတော့ ဘယ်လို အမှားမှ ကျူးလွန်မထားဘူးလို့ ငြင်းဆိုထားပါတယ်။
အပ်စတိန်းရဲ့ ဖိုင်တွေထဲမှာ Microsoft ပူးတွဲထူထောင်သူ အမေရိကန် နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး ဘီလ်ဂိတ်စ်လည်း လိင်ကိစ္စတွေ သောင်းကျန်းပြီး လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုး ရခဲ့တယ်လို့ ပါရှိခဲ့ပေမယ့် ဂိတ်စ်ရဲ့ ကိုယ်ရေး အရာရှိကတော့ အဲဒီ အချက်အလက်တွေဟာ စက်ဆုပ်စရာဖြစ်ပြီး မှားယွင်းတယ်လို့ တုံ့ပြန်ထားပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ အပ်စတိန်းဖိုင်တွေ အများအပြားမှာ ဓာတ်ပုံနဲ့ အချက်အလက်တွေကို ဖြတ်တောက် ဖုံးကွယ်ထားခဲ့ပါတယ်။ ဥပဒေတွေအရ နစ်နာသူတွေကို ကာကွယ်ဖို့နဲ့ လက်ရှိ စုံစမ်းစစ်ဆေးနေဆဲ အမှုကိစ္စတွေ အတွက်သာ အဲဒီလို ပြင်ဆင် ဖြတ်တောက် ဖုံးကွယ်မှုကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ကိုးကား: BBC

















































