ဇန်နဝါရီ-၃၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲသွားလို့ မိသားစုဝင် ၇ဦးအပါအဝင် ဒေသခံ ၈ဦးသေဆုံးခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ မော်လူးမြို့၊ လေဘိုကျေးရွာကို ဇန်နဝါရီ ၂၉ရက် ည၉နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံး ၂လုံး ကြဲချသွားတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
နေအိမ်တစ်အိမ်ထဲက လသားအရွယ် ကလေးငယ်အပါအဝင် ၇ဦး အကါအဝင် ၈ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement
” လေကြောင်း သတိပေးချက်ရပေမယ့် ရွာထဲတည့်တည့်ကို ကြဲမယ်လို့ မတွေးကြတာဖြစ်မယ်။ အိမ်တွေပေါ် တည့်တည့်ချတာ” လို့ မော်လူးဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီက မော်လူးမြို့ကို ၉ရက်အတွင်း ၂ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။
ဇန်နဝါရီ ၂၁ရက် ည ၁၁နာရီခန့်ကလည်းမော်လူးမြို့နယ် မာန်ဟဲကျေးရွာကို ဗုံးကြဲလို့ ပြည်သူ ၅ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။
မော်လူးမြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ထဲမှာ ပါဝင်ပြီး လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ဝန်းသိုမြို့နယ်တွေထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူတွေလုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ကြိမ်ရှိပြီး ၄,၆၈၃ဦး သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၄၃၂ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၅၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ဇန်နဝါရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုကျူးလွန်နေပြီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုစာရင်း ဆက်လက်မြင့်တက်နေပါတယ်။

















































