ဇန်နဝါရီ-၃၀၊ ၂၀၂၆ ဇေအောင်/People’s Spring
စစ်ကိုင်းတက္ကသိုလ်အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် ညပိုင်းက စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်းနဲ့ စစ်ကိုင်းတက္ကသိုလ်ဝင်း ရှေ့က (၃)ထပ်တိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို ဝင်ရောက်တိုက်ခဲ့ကြောင်း၊ မိနစ် ၂၀ ခန့်ကြာတဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ တက္ကသိုလ်ရှေ့ကဂိတ်မှာလဲ နေတယ်။ ပြည်သူပိုင် ၃ထပ်တိုက်ပေါ်မှာလဲမတရား ဝင်ရောက်နေထိုင်ပြီး လသာဆောင်ပေါ်မှာ ကင်းသဘောနဲ့စောင့်ရင်း သောက်စားနေကြတာ။ ၆ ဦး မျက်မြင်သေဆုံးတယ်။ လက်နက်တော့ မရဘူး။ ကျနော်တို့ တက်လုံးတဲ့အချိန် စခဘက်က စက်လက်တွေနဲ့ တရစပ် ရမ်းပစ်လို့ ပြန်ဆုတ်ခဲ့ရတာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဆိုပါတိုက်ပွဲအတွင်းနဲ့ တိုက်ပွဲပြီးချိန်အထိ စစ်ကိုင်းမြို့ တပ်မ(၃၃)နဲ့ စစ်ကိုင်း-ခရိုင်ချင်းဆက်လမ်း (စာရေးလမ်းခွဲ)မှာ အထိုင်ချထားတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့တယ်လို့ သိရပါတယ်။
လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ဟာ မကြာမီအချိန်အတွင်း စစ်ဆင်ရေးတစ်ခု ဖော်ဆောင်ဖို့ရှိပြီး ပူးပေါင်းလက်တွဲလိုတဲ့ မဟာမိတ်အဖွဲ့တွေကို ကြိုဆိုနေကြောင်း အသိပေးထားပါတယ်။
လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ဟာ အခြားမဟာမိတ်တွေနဲ့အတူ ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်အတွင်းကလည်း စစ်ကိုင်းမြို့နယ်က ကံတလူတိုးဂိတ်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။

















































