စစ်တိုက်ဖို့ထက် အမေရိကန်နဲ့ ညှိဖို့ကိုပဲ အီရန်က လိုလားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံတဝိုက် ရေပြင်မှာရော၊ အမေရိကန် မဟာမိတ် နိုင်ငံတွေမှာပါ အမေရိကန်ရဲ့ စစ်အင်အား တိုးချဲ့ ဖြန့်ကျက်နေပြီး နှစ်ဖက်တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ အီရန်က နိုင်ငံရဲ့ ဒုံးကျည်တွေနဲ့ ကာကွယ်ရေး စနစ်တွေဟာ အလျှော့ပေး ညှိနှိုင်းမှုတွေအတွက် ဘယ်တုန်းကမှ ရည်ရွယ်ပြီး ဖြည့်တင်းထားခဲ့တာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အီရန်ဖက်က သဘောတူညီမှု တစ်ခုခုကို ရှာဖွေနေတယ်ဆိုတာ သူအတပ်ပြောနိုင်တယ်လို့ အိမ်ဖြူတော်မှာ ဇန်နဝါရီ ၃၀ ရက်နေ့တုန်းက ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူက အသေးစိတ် အချက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။

Public Service Announcement
အခုသီတင်းပတ်ထဲမှာ ထရမ့်က အီရန် အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေးကိစ္စ ညှိနှိုင်းမှုတွေလုပ်ဖို့ အချိန်များများ မကျန်တော့သလို အမေရိကန်ရဲ့ ဧရာမ ရေတပ်ကြီးကလည်း အီရန်ဖက်ကို ချီတက်လာနေပြီလို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
အမေရိကန်ဟာ အီရန် အစိုးရ အနေနဲ့ ယူရေနီယမ် သန့်စင်မှု အားလုံးကို လက်လျှော့ဖို့၊ သန့်စင်ပြီးသား နျူကလီးယား ဓာတ်သတ္တုတွေကိုလည်း စွန့်လွှတ်ဖို့၊ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ရေး ရည်မှန်းချက်ကို အပြီးတိုင် မေ့ဖျောက်ပစ်ဖို့ တောင်းဆိုထားပါတယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မျှတပြီး အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးမှုတိုင်းကို လမ်းဖွင့်ထားမယ်လို့ ပြောပေမယ့် လောလောဆယ်တော့ အမေရိကန်နဲ့ တွေ့ဆုံဖို့ အလားအလာ မရှိသေးကြောင်း အတည်ပြုထားပါတယ်။
အီရန်က နိုင်ငံရဲ့ နျူကလီးယားနည်းပညာ မြှင့်တင်ရေး ရည်မှန်းချက်တွေဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့သာဖြစ်ပြီး လက်နက်တွေ ထုတ်လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူးလို့လည်း အကြိမ်ကြိမ် ပြောကြားထားပါတယ်။
အမေရိကန်နဲ့ စစ်ရေးတင်းမာနေချိန် အတောအတွင်း အီရန်ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ အလီလာရီဂျာနီဟာ မော်စကိုမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ရုရှားအစိုးရရဲ့ ကရင်မလင် နန်းတော်ကတော့ ပူတင်နဲ့ လာရီဂျာနီတို့ဟာ အရှေ့အလယ်ပိုင်း အရေးနဲ့ နိုင်ငံတကာ အခင်းအကျင်းတွေကိစ္စ ဆွေးနွေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ မှာ သတင်းထောက်တွေက အီရန်ဟာ အမေရိကန်နဲ့ ဘယ်လို သဘောတူညီမှုမျိုး ရယူလာနိုင်သလဲလို့ မေးကြတဲ့အခါ ထရမ့်က တိုက်ရိုက် မဖြေဘဲ အီရန်က အမေရိကန် ဘာလိုချင်တယ်ဆိုတာ ကျိန်းသေပေါက် သိတယ်လို့ပဲ တုံ့ပြန်သွားပါတယ်။
သူကိုယ်တိုင်ကလည်း သဘောတူညီမှု တစ်ခုခု ရဖို့ပဲ မျှော်လင့်ကြောင်း၊ သဘောတူညီမှု ရခဲ့မယ်ဆိုရင် အားလုံးအတွက် ကောင်းမှာဖြစ်ကြောင်း၊ သဘောတူညီမှု မရခဲ့ရင်တော့ ဘာတွေ ဖြစ်လာမလဲ ဆက်ပြီး စောင့်ကြည့်ရုံသာရှိကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: BBC

















































