close
Connect with us

Hi, what are you looking for?

သတင်း

ကုလသမဂ္ဂကို ဖယ်ထုတ်ဖို့ ထရမ့်ကြံစည်နေသလား

၂၀၂၆ ခုနှစ် စတင်ကတည်းက နိုင်ငံတကာ ခေါင်းကြီးပိုင်း သတင်းတွေဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တစ်ရက်မပျက် ဗဟိုပြုနေတယ်လို့တောင် ညွှန်းလို့ရပါတယ်။ ဗင်နီဇွဲလား နိုင်ငံ ပိုင်နက်ထဲထိ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ဖမ်းဖို့ အမေရိကန် စစ်တပ်ကို အမိန့်ပေးခဲ့တာ၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့ အီရန် အစိုးရကိုလည်း စစ်ရေးအရ အရေးယူလုနီးပါးထိ ဖြစ်ခဲ့တာ၊ ဗင်နီဇွဲလားနဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောတွေကို အပူတပြင်း လိုက်ဖမ်းစေတာ၊ ဒိန်းမတ် အစိုးရပိုင် ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သွတ်သွင်းချင်တဲ့ ဆန္ဒကို အသည်းအသန် ဖော်ပြလာတာတွေ အားလုံးဟာ လူပုဂ္ဂိုလ် တစ်ယောက်တည်းဆီကနေ မြစ်ဖျားခံလာပြီး တစ်ကမ္ဘာလုံးမှာတော့ နောက်ဆက်တွဲ ဂယက်တွေ အများကြီး သက်ရောက် ရိုက်ခတ်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် စတင်ကတည်းက နိုင်ငံတကာ ခေါင်းကြီးပိုင်း သတင်းတွေဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တစ်ရက်မပျက် ဗဟိုပြုနေတယ်လို့တောင် ညွှန်းလို့ရပါတယ်။ ဗင်နီဇွဲလား နိုင်ငံ ပိုင်နက်ထဲထိ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ဖမ်းဖို့ အမေရိကန် စစ်တပ်ကို အမိန့်ပေးခဲ့တာ၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့ အီရန် အစိုးရကိုလည်း စစ်ရေးအရ အရေးယူလုနီးပါးထိ ဖြစ်ခဲ့တာ၊ ဗင်နီဇွဲလားနဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောတွေကို အပူတပြင်း လိုက်ဖမ်းစေတာ၊ ဒိန်းမတ် အစိုးရပိုင် ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သွတ်သွင်းချင်တဲ့ ဆန္ဒကို အသည်းအသန် ဖော်ပြလာတာတွေ အားလုံးဟာ လူပုဂ္ဂိုလ် တစ်ယောက်တည်းဆီကနေ မြစ်ဖျားခံလာပြီး တစ်ကမ္ဘာလုံးမှာတော့ နောက်ဆက်တွဲ ဂယက်တွေ အများကြီး သက်ရောက် ရိုက်ခတ်ခဲ့ပါတယ်။

ထရမ့်နဲ့ ပတ်သက်တဲ့ သတင်းပေါင်းစုံကြားမှာ နည်းနည်းတိမ်မြုပ်သလို ဖြစ်နေပေမယ့် လျှော့လျှော့ပေါ့ပေါ့ တွေးလို့မရတဲ့ ကိစ္စတစ်ခုလည်း ရှိနေပြန်ပါတယ်။ အဲဒါကတော့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ကူညီပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထရမ့်က လူစုနေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဆိုတာပါပဲ။ အဲဒီ နိုင်ငံတကာ အင်အားစုသစ်ရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်စေဖို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ တစ်ပုံစံတည်း တူညီတဲ့ ရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ ကမ္ဘာ့အဖွဲ့အစည်းကြီး တစ်ခုကလည်း ရှိနှင့်နေပြီးသားပါ။ ဒီတော့ ထရမ့်ကြံစည်နေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ဆိုတာဟာ ကုလသမဂ္ဂကို စိန်ခေါ်မယ့်၊ အားပြိုင်မယ့်၊ ဒါမှမဟုတ် နောက်ကောက်ချပစ်လိုက်မယ့် အခင်းအကျင်းသစ် ဖြစ်လာနိုင်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ထူထောင်ခဲ့တဲ့ ကုလသမဂ္ဂဟာ မကြာသေးခင်ကမှ သက်တမ်း နှစ် ၈၀ ပြည့်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အရေးအကြီးဆုံး ရည်မှန်းချက်ကတော့ နောက်ထပ် ကမ္ဘာစစ်ကြီးတစ်ခု ထပ်ဖြစ်မလာအောင် တားဆီးဖို့ပါပဲ။ ဒါပေမဲ့ နှစ်ပေါင်း ၈၀ ကြာမြင့်ပြီးတဲ့ အခါမှာတော့ ကုလသမဂ္ဂဟာ နိုင်ငံတကာ စစ်ရေး ပဋိပက္ခတွေကို ထိထိရောက်ရောက် ကြားဝင်ကိုင်တွယ်နိုင်စွမ်း အရမ်းအားနည်းလာပါပြီ။ ဒါတင်မကဘဲ အဖွဲ့ကြီးရဲ့ ရပ်တည်မှုကိုပါ ယှဉ်ပြိုင် ခြိမ်းခြောက်လာမယ့် အကဲစမ်းမှုမျိုးနဲ့ပါ ရင်ဆိုင်ရမယ့်သဘော ဖြစ်လာပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်လာကတည်းက ကုလသမဂ္ဂအပေါ် ရန်လိုတဲ့ သဘောထားတွေ ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှုတွေကို သူက ဝေဖန် မေးခွန်းထုတ်ခဲ့သလို ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေအတွက် အမေရိကန်က ကူညီနေတဲ့ ရန်ပုံငွေ အများအပြားကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။ ရယ်စရာအနေနဲ့ ပြောရရင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထရမ့်က ကုလသမဂ္ဂ ဌာနချုပ်ရဲ့ စက်လှေကားတစ်ခု ချွတ်ယွင်းချက် ရှိနေတာကအစ ထည့်ပြောပြီး ဆူပူ ကြိမ်းမောင်းခဲ့ဖူးပါတယ်။ အခုတော့ ကုလသမဂ္ဂကို နေရာကနေ ဖယ်ထုတ်နိုင်တဲ့ထိ ဖြစ်လာနိုင်တဲ့ အဖွဲ့အစည်းမျိုးကို အသက်သွင်းဖို့ပါ ထရမ့်က ပြင်ဆင်နေပါပြီ။ ပြီးတော့ အဲဒီ အစုအဖွဲ့သစ်ရဲ့ ခေါင်းဆောင်မှုကို သူက ရယူမယ့်သဘော ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ရဲ့ ဖြစ်တည်မှုကို စပြီး အတည်ပြုပေးလိုက်တာဟာ ကုလသမဂ္ဂပဲ ဖြစ်ပါတယ်။ မနှစ်က နိုဝင်ဘာလတုန်းက နိုင်ငံတကာ ငြိမ်းချမ်းရေး စုပေါင်းဆောင်ရွက်ရေး အင်အားစု တစ်ခုအတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ပါတယ်။ မူရင်း ရည်ရွယ်ချက်က ဂါဇာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အကန့်အသတ်နဲ့သာ စဉ်းစားထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လတ်တလော အရွေ့တွေကတော့ ဂါဇာငြိမ်းချမ်းရေး ယန္တရားအနေနဲ့သာ လည်ပတ်ရမယ်ဆိုတဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားမှုတွေကို စပြီး ကျော်လွန်လာနေပြီလို့ ဆိုနိုင်ပါတယ်။ ထရမ့်ရဲ့ ခြေလှမ်းတွေက ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကို ကနဦး ရည်မှန်းချက်တွေထက် ပိုကျယ်ပြန့်တဲ့ လွှမ်းခြုံမှုမျိုးနဲ့ လည်ပတ်စေလိုကြောင်း မြင်သာလာပါတယ်။ ဂါဇာ ငြိမ်းချမ်းရေး အတွက်ပဲ ကန့်သတ်ပြီး ခွင့်ပြုပေးခဲ့တယ် ဆိုပေမယ့် အမေရိကန်က ရေးဆွဲထားတဲ့ မူကြမ်းအဆင့် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ပဋိညာဉ်မှာတော့ ဂါဇာကို လုံးဝ ရည်ညွှန်းထားခြင်း မရှိခဲ့ပါဘူး။

အဲဒီအစား ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဆိုတာ ပဋိပက္ခတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ ဒေသတွေမှာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ ရည်သန်တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ပဋိညာဉ် မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရည်မှန်းချက်နဲ့ တူတူပါပဲ။

အပြည်ပြည်ဆိုင်ရာ ပဋိပက္ခရေးရာအဖွဲ့ (ICG)ရဲ့ ကုလသမဂ္ဂ သုတေသီ တစ်ဦးဖြစ်တဲ့ မာယာ အန်ဂါကတော့ တကယ်လို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပူးပေါင်းပါဝင်ရုံသာ မကဘဲ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်ရိုက် ချိန်ရွယ်တဲ့ စင်ပြိုင် အဖွဲ့အစည်းမျိုး၊ ပြိုင်ဘက်မျိုးအနေနဲ့ အသက်သွင်းသလို ဖြစ်လာနိုင်ကြောင်း၊ ကုလသမဂ္ဂဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရားဝင်မှုနဲ့ လုပ်ရည်ကိုင်ရည်အပိုင်းမှာ အကြီးအကျယ် မေးခွန်းထုတ် ခံနေရသလို ဘဏ္ဍာရေးအရ စိုးရိမ်စရာတွေနဲ့ပါ ရုန်းကန်နေခဲ့ရကြောင်း သတိပေးသွားပါတယ်။

ထရမ့်ကလည်း သူဦးဆောင်ဖို့ စိုင်းပြင်းနေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ ကုလသမဂ္ဂက လုပ်သင့်လျက်နဲ့ မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေ အများကြီးကို ကိုင်တွယ်ရဖို့ ရှိနေကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အဲဒီမှတ်ချက်ကလည်း ကုလသမဂ္ဂ နေရာကို အမေရိကန်က အဖွဲ့အစည်းအသစ်တစ်ခုနဲ့ အစားထိုးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပိုပြီး မီးစာ ဖြည့်ပေးခဲ့ပါတယ်။

အခြေအနေတွေက ဘေးကျပ်နံကျပ် ဖြစ်နေတာကြောင့် ကုလသမဂ္ဂဖက်ကတော့ စင်ပြိုင် အဖွဲ့အစည်းသစ် ပေါ်လာနိုင်ခြေအပေါ် ထိန်းထိန်းသိမ်းသိမ်းပဲ မှတ်ချက်ပေးထားပါသေးတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သူ ဖာရန်အဇစ်ဟက်က ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ဘယ်လိုပုံစံ ဖြစ်လာမလဲ ဆိုတာကို လောလောဆယ် ပြောနိုင်ဖို့ စောလွန်းပါသေးတယ်လို့ မယုတ်မလွန်ပဲ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဖက်က ရှင်းရှင်းလင်းလင်း နားလည်ထားတာကတော့ လုံခြုံရေးကောင်စီရဲ့ အသိအမှတ်ပြု ထောက်ခံမှုအရ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသ တစ်ခုတည်း အတွက်ပဲ တိတိကျကျ လုပ်ငန်းဆောင်ရွက်ခွင့် ရှိရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုအခါ အမေရိကန်ရဲ့ စည်းရုံးဖိတ်ခေါ်မှုကို လက်ခံပြီး ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ သဘောတူထားတဲ့ နိုင်ငံတွေက အဲဒီ အဖွဲ့ကို ဘယ်လို စီမံအုပ်ချုပ်မှာလဲ ဆိုတာမျိုးတွေအပေါ် အထူးအာရုံစိုက်လာတာမျိုးက ဂါဇာငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းအောက်ကနေ ချော်ထွက်လာနေတာတော့ သေချာပါတယ်။ မူကြမ်းရေးဆွဲထားမှုမှာတော့ ထရမ့်က ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို ရယူမှာဖြစ်ပြီး လုပ်ပိုင်ခွင့် အများစုကို ထိန်းချုပ်ထားဖွယ် ရှိပါတယ်။ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ဗီတိုအာဏာ အသုံးပြုခွင့်၊ အဖွဲ့ဝင်တွေကို တစ်ဖက်သတ် ထုတ်ပယ်ပိုင်ခွင့်တွေကိုပါ မူကြမ်းအဆင့် ထည့်သွင်း ရေးဆွဲထားပါတယ်။

လောလောဆယ်မှာတော့ အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၃၅ ခုလောက်ဟာ ထရမ့်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ကြဖို့ ကတိပေးထားပြီး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိ လုပ်ပုံကိုင်ပုံတွေကို လေ့လာကြည့်ရင်တော့ ထရမ့်ဟာ အဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာမှာ ဝင်ထိုင်ပြီး အလုံးစုံ လုပ်ပိုင်ခွင့်ကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေဟန် ရှိတယ်လို့ အန်ဂါက ဆက်ပြောပါတယ်။ ဒီနေရာမှာ ရှင်းအောင် မြင်သင့်တာက ဒီလို လုပ်ပိုင်ခွင့်မျိုးကို ဖန်တီးယူနေတာဟာ အမေရိကန် အစိုးရ မဟုတ်ဘဲ ထရမ့်ကိုယ်တိုင်သာ ဖြစ်ကြောင်း၊ သူ့နေရာ ဆက်ခံသူကိုတောင် ထရမ့်ကပဲ ရွေးချယ်မယ့်သဘော ဖြစ်နေကြောင်း၊ ဘုတ်အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီက ဆုံးဖြတ်ချက် မှန်သမျှကိုလည်း ထရမ့်က ဗီတိုအာဏာနဲ့ ပယ်ချခွင့် ရှိနေကြောင်း၊ ဒီအချက်တွေက အဖွဲ့ဝင် နိုင်ငံတွေအတွက် စိုးရိမ်သင့်တဲ့ အခြေအနေဖြစ်ကြောင်း အန်ဂါက သတိပေးသွားပါတယ်။

နောက်ပြီး ငွေရေးကြေးရေးကိစ္စကို အကြောင်းပြုပြီး မမျှတမှုတွေလည်း ရှိလာနိုင်ပါသေးတယ်။ အမြဲတမ်း အဖွဲ့ဝင် ဖြစ်ဖို့ကို ဒေါ်လာ ၁ ဘီလီယံ ပေးသွင်းရမှာဖြစ်ပြီး အခမဲ့ အဖွဲ့ဝင်ဖြစ်ခွင့်ကတော့ ၃ နှစ်ထိပဲ ကန့်သတ်ထားမယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ရဲ့ အဆိုအရတော့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပူးပေါင်းဖို့ နိုင်ငံပေါင်း ၃၅ ခုလောက်က ကတိပေးထားပြီး ဆော်ဒီအာရေးဘီးယား၊ အင်ဒိုနီးရှား၊ တူရကီ၊ အီဂျစ်၊ ဘီလားရုစ်၊ အစ္စရေးတို့ ပါဝင်ကြမယ်လို့ ဆိုပါတယ်။

ရုရှားကတော့ ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ကြားဖြတ် ထိန်းချုပ်ထားခဲ့တဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲကနေ ထုတ်နုတ်ပြီး အမြဲတမ်း အဖွဲ့ဝင်ဖြစ်ခွင့်အတွက် ငွေပေးချေလိုကြောင်း ကမ်းလှမ်းထားပါတယ်။ အံ့ဩဖို့ ကောင်းတာက ရုရှားနဲ့ ဘီလားရုစ်တို့လို အာဏာရှင် အုပ်စိုးတဲ့ နိုင်ငံတွေက ထရမ့်ရဲ့ အစီအစဉ်သစ်မှာ ပါဝင်ဖို့ တက်ကြွနေပေမယ့် အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်လည်းဖြစ်၊ ဒီမိုကရေစီ အင်အားကြီး နိုင်ငံတွေလည်းဖြစ်တဲ့ ပြင်သစ်၊ နော်ဝေးနဲ့ ဆွီဒင်တို့ကတော့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ လုံးဝ စိတ်မဝင်စားကြောင်း ယတိပြတ် ပြောကြားထားပါတယ်။

ကုလသမဂ္ဂ ကော်ပီလို့ ဆိုရလောက်အောင်ပဲ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ရဲ့ ရည်မှန်းချက်တွေထဲမှာ ပဋိပက္ခ နယ်မြေတွေဆီ တပ်တွေ ဖြန့်ကျက်တာမျိုး လုပ်ငန်းစဉ်တွေထိ လျာထားတာ ဖြစ်ပါတယ်။ အန်ဂါကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ ကမ္ဘာအနှံ့မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၆၀၀၀၀ လောက်ကို စီမံကိုင်တွယ်နေရပြီး ကုလသမဂ္ဂရဲ့ အလုပ်ကို ဝင်အစားထိုးဖို့ ဆိုတာက တကယ့် ဧရာမ တောင်းဆိုမှုကြီး ဖြစ်လိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုတာဟာ သန်းပေါင်းများစွာသော ကမ္ဘာ့ပြည်သူတွေရဲ့ အငတ်ဘေးတွေ၊ နေရာထိုင်ခင်းကိစ္စတွေ၊ ကာကွယ်ဆေး ထိုးနှံမှုတွေကိုပါ ကူညီ ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့က အဲဒီတာဝန်တွေကိုပါ ယူနိုင်ဖို့ ရည်ရွယ်ထားသလား မေးခွန်းထုတ်ဖို့လိုကြောင်း အန်ဂါက ဆိုပါတယ်။

ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ လူအား၊ ငွေအား တောင့်တင်းနေနိုင်ပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ ကောင်းကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လျှောက်ရမယ့်လမ်းက တိုတိုလေး မဟုတ်ကြောင်း သူက သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဂရင်းလန်ကျွန်းရဲ့ နာမည်ကို အိုက်စ်လန်နိုင်ငံနဲ့ အကြိမ်တချို့ မှားပြီး ရည်ညွှန်းသွားခဲ့ပါတယ်။

သတင်း

ဂရင်းလန်ကျွန်း အရေးကို ဖြေရှင်းဖို့ လက်ခံနိုင်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှုမျိုး ရရှိထားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်း အရေးကို ဖြေရှင်းဖို့ လက်ခံနိုင်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှုမျိုး ရရှိထားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသ အနာဂတ် ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်ပြခဲ့တဲ့ အချက်ပေါင်း ၂၀ ပါ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။