ရတနာတွေ တွေ့
ဇန်နဝါရီ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာရှေးဟောင်းရတနာပစ္စည်းတွေနဲ့ ငွေဒင်္ဂါးပြားတွေမြေကြီးထဲက တူးဖော်တွေ့ရှိခဲ့ပြီးအာရက္ခတပ်တော်(AA)က ယူဆောင် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မြောက်ဦးမြို့က ကစားကွင်းတစ်ခုမှာ ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေပိုင်းမှာ ကလေးတွေ ဘောလုံးကစားရာကနေတွေ့ရှိတာလို့ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
“ ရှေးဟောင်းရတနာတွေတွေ့တာ။ ရွှေထည်တချို့ပါတယ်။ ငွေဒင်္ဂါးပြားတွေ အများကြီးရတာ။ တပ်တော်(AA)ကပဲ စီမံခန့်ခွဲနေတယ်။ ထပ်ရမယ်လို့ ယုံကြည်ထားကြတယ်” လို့ မြောက်ဦးမြို့ခံတဦးကပြောပါတယ်။
တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေသတင်းကို AAက မထုတ်ပြန်သေးပါဘူး။ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ Arakan Bay News -ABN တယ်လီဂရန်ချန်နယ်လ်အပါအဝင် ရခိုင်အခြေစိုက်သတင်းဌာနတွေကဓါတ်ပုံတွေနဲ့တကွသတင်းဖော်ပြတာမှာ အချင်း ၁ လက်မခန့်ရှိ တဲ့ကျောက်စိမ်း၁တုံး၊ ရွှေပုရပိုက်၁ခု၊ ရွှေလက်စွပ်၃ကွင်း၊ ရွှေထည်အချို့၊ စန္ဒသုဓမ္မရာဇာနဲ့ နရပတိကြီး အမည်ပါ ငွေဒင်္ဂါးပြား ၁၅၀ ကျော် တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဒင်္ဂါးပြားတွေက ငွေသားအစစ်ဖြစ်ပြီး တတိယမြောက်ဦးခေတ် ရခိုင်သက္ကရာဇ် ၁၀၃၄(ခရစ်သက္က
ရာဇ် ၁၆၇၂) ခုနှစ်က စန္ဒသုဓမ္မရာဇာဘုရင်လက်
ထက်နဲ့ သက္ကရာဇ် ၁၀၀၀ (ခရစ်သက္ကရာဇ် ၁၆၃၈) က နရပတိကြီး လက်ထက်က သုံးစွဲခဲ့တဲ့ ငွေသားအစစ်ဒင်္ဂါးတွေဖြစ်တယ်လို့ဖော်ပြထားကြတယ်။
စန္ဒသုဓမ္မရာဇာဟာရခိုင်မင်းဆက်(မြောက်ဦးခေတ်) မှာ အထင်ရှားဆုံးနဲ့ တန်ခိုးအာဏာ အကြီးမားဆုံး မင်းတစ်ပါး ဖြစ်ပြီး သူ့လက်ထက်မှာ ရခိုင်ရေတပ်ဟာ အလွန်အင်အားကြီးမားခဲ့တယ်လို့ ရခိုင်ရာဇဝင်ကျမ်းတွေမှာ ဖော်ပြထားပါတယ်။
စန္ဒသုဓမ္မရာဇာဟာ ဘာသာရေးအလွန်ရိုသေကိုင်း
ရှိုင်းသူဖြစ်ပြီးစေတီပုထိုးအများအပြား တည်ထား
ကိုးကွယ်ခဲ့သလို မြောက်ဦးမှာရှိတဲ့ ရှစ်သောင်းဘုရားကို ပြုပြင်မွမ်းမံတာတွေလုပ်ခဲ့သူလို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
“ ရခိုင်လူမျိုးတွေဟာ ခိုင်မာတဲ့သမိုင်းကြောင်းတစ်ခုကိုဖြတ်ကျော်ခဲ့ကြတယ်ဆိုတာကို ကျနော်တို့မျက်မြင်တွေ့ရတာမို့လို့ အရမ်းဝမ်းသာတယ်” လို့ ရခိုင်ဒေသခံတစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်မှာမကြာသေးမီကလည်းမြောက်ဦးခေတ် ရခိုင်ဘုဘုရင်နရပတိကြီး(၁၆၃၈-၁၆၄၅) လက်ထက်မှာ သွန်းလုပ်ခဲ့တဲ့ ရှေးဟောင်းခေါင်း
လောင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့တယ်လို့ AAက ဇန်နဝါရီလ ၃ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။အဲဒီရှေးဟောင်းခေါင်းလောင်းကြီးနဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ ပေးပို့ဖို့ email လိပ်စာ -arakanidp@163.com နဲ့တယ်လီဂရမ်
လိပ်စာ- @BELLINFO2026 ကို အပြုသဘောဆောင်ဆက်သွယ်ပေးဖို့ AAကထုတ်ပြန်ထားပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ကိုAAက၂၀၂၄ ဖေဖော်ဝါရီလမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေစဉ်
၂၀၂၃ ခုနှစ် ခရစ်စမတ်ကာလနဲ့ ၂၀၂၄ ဇန်နဝါရီ
လမှာ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို
စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပျက်စီးမှုတွေရှိခဲ့ပါတယ်။
မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ရေးအဆိုပြုထား
သည်ကိုသိလျက်နဲ့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးတာဖြစ်ပြီး ထိုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းလို့ AAက ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ကြားကာလအမွေအနှစ်ထိန်းသိမ်းရေးကော်မရှင်ကလည်း ရခိုင်တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များထားရှိရာမြောက်ဦးပြတိုက်ကို စစ်ကောင်စီက တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုံ့ချကြောင်းနဲ့အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
















































