ဆွစ်ဇာလန်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဂရင်းလန်ကျွန်းရဲ့ နာမည်ကို အိုက်စ်လန်နိုင်ငံနဲ့ အကြိမ်တချို့ မှားပြီး ရည်ညွှန်းသွားခဲ့ပါတယ်။
ထရမ့်ဟာ ဒိန်းမတ် အစိုးရပိုင် ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်နယ်မြေအဖြစ် သွတ်သွင်းလိုကြောင်း အတိအလင်း ကြေညာခဲ့တဲ့အတွက် အခုသီတင်းပတ်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲမှာ အဲဒီကိစ္စဟာ အဓိက အာရုံအစိုက်ရဆုံး အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဖိုရမ်မိန့်ခွန်းမှာတော့ ထရမ့်က ဂရင်းလန် အရေးနဲ့ ပတ်သက်လို့ သူလက်ခံနိုင်လောက်မယ့် အခင်းအကျင်းတွေ ကနဦး သဘောတူခဲ့တာကြောင့် ဂရင်းလန်ကို အင်အားသုံး သိမ်းယူမှာ မဟုတ်ကြောင်း ထည့်ပြောသွားခဲ့ပါတယ်။
အဲဒီ မိန့်ခွန်းကို ပြောတဲ့အချိန်မှာ ထရမ့်ဟာ ဂရင်းလန်ကို ရည်ညွှန်းပေမယ့် အိုက်စ်လန်လို့ သုံးကြိမ်ထက်မနည်း မှားပြောသွားခဲ့တာ ဖြစ်ပါတယ်။ သူက NATO စစ်မဟာမိတ် အဖွဲ့ကို အများကြီး ကူညီခဲ့ကြောင်း၊ အိုက်စ်လန်နဲ့ ပတ်သက်တဲ့ သူ့စိတ်ကူးတွေအကြောင်း ပြောမပြခင် ပြီးခဲ့တဲ့ ရက်ပိုင်းအထိ NATOက သူ့ကို ချစ်ခင်နေခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
မိန့်ခွန်းရဲ့ နောက်ထပ်တစ်ပိုင်းမှာလည်း NATOဟာ အိုက်စ်လန်နဲ့ ပတ်သက်ရင် အမေရိကန်ဖက်က မရပ်တည်ခဲ့ကြောင်း၊ အိုက်စ်လန် ကိစ္စကြောင့် အမေရိကန် စတော့စျေးကွက် တန်ဖိုး ကျဆင်းမှုတွေ ဖြစ်ခဲ့ရကြောင်း၊ တကယ်ဆိုင် အိုက်စ်လန် ကိစ္စကြောင့် အမေရိကန်ဟာ ငွေကြေးအရ အများကြီး နစ်နာထားပြီးဖြစ်ကြောင်းလည်း ထရမ့်က နာမည်နှစ်ခု မှားပြီး ပြောခဲ့ပါသေးတယ်။
ဂရင်းလန်ဟာ အာတိတ်ဒေသမှာ ရေခဲတွေ ဖုံးလွှမ်းပြီး လူနေကျဲပါးတဲ့ ကျွန်းကြီးတစ်ခု ဖြစ်ပါတယ်။ ဂရင်းလန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းဖြစ်ပြီး ဗြိတိန်နိုင်ငံထက် ၉ ဆလောက် ပိုကြီးပါတယ်။ အိုက်စ်လန်ကတော့ ဂရင်းလန်ရဲ့ အိမ်နီးချင်း ကျွန်းနိုင်ငံငယ်လေးဖြစ်ပြီး မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။ ပြီးတော့ စိမ်းလန်းလှပတဲ့ ရှုမျှော်ခင်းတွေကြောင့် နာမည်ကျော်ပါတယ်။
တစ်နည်းအားဖြင့် စိမ်းလန်းမြေလို့ အဓိပ္ပါယ်ရတဲ့ ဂရင်းလန်က ဆီးနှင်းရေခဲတွေ ဖုံးနေပြီး ရေခဲမြေလို့ အဓိပ္ပါယ်ရတဲ့ အိုက်စ်လန်ကတော့ စိမ်းလန်း သာယာနေတာ ဖြစ်ပါတယ်။
ဂရင်းလန်နဲ့ အိုက်စ်လန် နာမည်တွေကို ရောထွေးပြီး ပြောသွားခဲ့တဲ့ ထရမ့်ရဲ့ မိန့်ခွန်းကို ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ လစ်ဘီဒင်းက လူမှုကွန်ရက်မှာ ထောက်ပြထားပြီး မိန့်ခွန်းရဲ့ အပိုင်းသုံးခုလောက်မှာ ဒီလို အရောရော အနှောနှောတွေ ဖြစ်သွားခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။ တခြားလူမှုကွန်ရက် သုံးစွဲသူတွေကလည်း ထရမ့်ဟာ ကိုယ်သိမ်းယူချင်ပါတယ်ဆိုတဲ့ နယ်မြေရဲ့ နာမည်ကိုတောင် မသိဘူးလားဆိုပြီး လှောင်ပြောင် မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ လူမှုကွန်ရက် မီဒီယာ Xမှာ ဒင်းရဲ့ ထောက်ပြချက်ကို ငြင်းဆန်သွားခဲ့ပါတယ်။ တကယ်တော့ ထရမ့်ဟာ ရေခဲဖုံးနေတဲ့ နယ်မြေအဖြစ် ဆိုလိုချင်လို့ မိန့်ခွန်းထဲမှာ အိုက်စ်လန်လို့ ရေးထားခဲ့တာဖြစ်ပြီး နာမည်မှားပြောတာ မဟုတ်ဘူးလို့ လီယာဗစ်က ဆိုပါတယ်။ ရယ်စရာ တစ်ခုက လီယာဗစ်ဟာ ဂျာနယ်လစ်ကို နာမည်တပ်ပြီး ခုခံချေပခဲ့ပေမယ့် နာမည်ကို စာလုံးပေါင်း မှားခဲ့ပြန်တာ ဖြစ်ပါတယ်။ လီယာဗစ်ကတော့ ဒင်းကသာ ကိစ္စတွေကို ရှုပ်အောင်လုပ်နေတဲ့ တစ်ယောက်တည်းသောသူ ဖြစ်တယ်လို့ ထိုးနှက်ထားပါတယ်။
လီယာဗစ်က မိန့်ခွန်းထဲမှာ ရေခဲမြေ (အိုက်စ်လန်)လို့ ထည့်ရေးထားတာပါလို့ ဖာဖာထေးထေး ပြောပေမယ့် ဒါဗော့စ်မှာ မိန့်ခွန်းပြောတဲ့ အချိန်တုန်းက ထရမ့်ဟာ ကြိုရေးထားတဲ့ စာသားတွေကို ပြသနေတဲ့ Teleprompterတွေကို မကြည့်ဘဲ အလွတ်သဘောတွေ ခဏခဏ ပြောသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AP

















































