■ယခင်လွှတ်လိုက်တဲ့ စစ်သုံ့ပန်းစစ်ဗိုလ်ချုပ်တ
ချို့ အရပ်သားပြည်သူအပေါ် အနိုင်ကျင့်သတ်ဖြတ်မှုတွေကျူးလွန်နေ
ဇန်နဝါရီ-၂၆၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။
တာကျောင် (Da Jiao) မဟာပူဇော်ပွဲလို့ခေါ်တဲ့တရုတ်ရိုးရာပြက္ခဒိန်အရပြုလုပ်တဲ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲအခမ်းအနား ၇ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement
MNDAAက စစ်ကောင်စီသုံ့ပန်း ၅၀၀ကို ပြန်လွှတ်ပေးလိုက်ပြီး ပြစ်မှုသေးငယ်တဲ့ အကျဉ်းသား (၉) ဦးကိုလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။အခြားသောအကျဉ်းသား (၄၉) ဦးကိုလည်း ဥပဒေနဲ့အညီ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်းစစ်တပ်ကစစ်သုံ့ပန်းထောင်ချီပြီးဖမ်းဆီးခဲ့ပါတယ်။ အခုပြန်လွတ်လိုက်တဲ့စစ်သုံပန်းတွေဟာ ကောင်းမွန်တဲ့ အပြုအမူဖြင့် နေထိုင်ခဲ့လို့ ပြန်လွှတ်
ပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီလ၁၄ရက်နေ့ကလည်း စစ်သုံ့ပန်း ၈၀ကျော်ကို MNDAA ကပြန်လွှတ်ပေးခဲ့ပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းစစ်တပ်ကဗိုလ်ချုပ်အချို့အပါအဝင်စစ်သုံ့ပန်းထောင်ချီပြီးဖမ်းဆီးခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီလ ၅ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာလက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီးတပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
လားရှိုးမြို့မှာရှိတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုသိမ်းတဲ့တိုက်ပွဲမှာလည်းတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီပြန်လွှဲပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလ၁၅ရက်နဲ့ နိုဝင်ဘာလ၁၅ရက်နေ့ကလည်း ၁၀၂၇ စစ်ဆင်ရေးကာလက ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၄)လက်အောက်ခံတပ်ရင်း ခလရ(၂၇၇)က ဗိုလ်မှူး ကျော်ဇေယျ၊စကခ(၁)က ဗိုလ်မှူး အောင်မြင့်ထူးအပါအဝင် သုံးပန့် ၂၅၀ခန့်ကို MNDAA က ပြန်လွှတ်ပေးခဲ့ပါတယ်။
MNDAAဟာ ၁၀၂၇စစ်ဆင်ရေးမှာမဟာမိတ်တပ်တွေနဲ့အတူ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့အပစ်ရပ်ခဲ့သလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။
ဒါပေမယ့်စစ်ကောင်စီကတရုတ်အကူအညီနဲ့ပြန်လည်တောင်းနေတဲ့ သိန္နီနဲ့ ကွတ်ခိုင်အပါအဝင် MNDAAက ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် (၄) ခု၊ မြို့တော် (၁)ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းကြောင်း ၂၀၂၆ ဇန်နဝါရီလဆန်းကကြေငြာခဲ့ပါတယ်။စစ်ကောင်စီတပ်များ လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားပြီးကိုးကန့်မြို့တော်အဖြစ်လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းလိုက်တာလို့ ကြေညာခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူကိုးကန့်အထူးဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်ကိုလည်းကိုးကန့်ဒေသရဲ့ ပြန်လည်ထူထောင်ရေးနေ့အဖြစ် တရားဝင်သတ်မှတ်လိုက်ကြောင်း MNDAAကထုတ်ပြန်ထားပါတယ်။
ဒီနေ့ပြန်လုပ်ပေးတဲ့သုံ့ပန်းတွေနဲ့ပတ်သက်လို့ MNDAA ထုတ်ပြန်ချက်မှာ “ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့်ရရှိလာသောအခွင့်အရေးကို တန်ဖိုးထားကာအမှားမှသင်ခန်းစာယူ၍လမ်းမှန်သို့ ပြန်လည်ရောက်ရှိပြီးလူ့အဖွဲ့အစည်းအတွင်း ပြန်လည်
ဝင်ရောက်ကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ ပူးပေါင်းပါဝင်လာစေရန် လမ်းညွှန်ပေးလိုက်ခြင်းလည်းဖြစ်သည်” လို့ဖော်ပြထားပါတယ်။ဒါပေမယ့် MNDAA ပြန်လွှတ်ပေးလိုက်တဲ့စစ်ဗိုလ်ချုပ်တွေကတော့ စစ်ကောင်စီလက်အောက်မှာ အရပ်သားပြည်သူတွေအပေါ် အန်ိုင်ကျင့်သတ်ဖြတ်မှုတွေကျူးလွန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
စစ်သုံ့ပန်းအဖြစ်ကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုန်းအခြေစိုက် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးဟာ လာဘ်ပေးလာဘ်ယူမှု ဆိုးရွားနေသလို စီးပွားရေးသမားတွေနဲ့ပေါင်းပြီး အရပ်သားပြည်သူတွေကိုဖိနှိပ်ကာ တရားမဝင်စီးပွားရှာနေတယ်လို့ ရှမ်းပြည်နယ်ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒါအပြင် MNDAA ကစစ်သုံ့ပန်း ၅၀၀ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ဘာမှမပြောလိုပေမယ့် ၁၀၂၇ စစ်ဆင်ရေးမှာ MNDA နဲ့အတူတိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ မဟာမိတ်တွေဖြစ်တဲ့ PDF တွေအပါ
အဝင် တော်လှန်ရေးရဲဘော်တွေကိုထောက်ထားသင့်တယ်လို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။
MNDAAက ပြန်လွှတ်ပေးလိုက်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း အရပ်သားတွေကိုအစုလိုက်အ ပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၂၅အောက်တိုဘာလက မုံရွာနဲ့ ချောင်းဦးမြို့ကြားက ထုံးဘိုရွာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့လူအုပ်ထဲကို ဗုံးကြဲဖို့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကအမိန့်ပေးခဲ့ပြီးကလေးငယ်တွေအပါအဝင် အရပ်သား၃၀နီးပါးသေဆုံး၊ ၄၀ကျော်ဒဏ်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူတွေ ဆေးကုနေတဲ့နေရာကို လေကြောင်းကနေဗုံးထပ်ကြဲလို့ သေဆုံးမှုတွေရှိခဲ့ပါတယ်။
















































