ဇန်နဝါရီ-၂၅။ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တပ်သား(၅)ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၀)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခလရ(၄၀၆)တပ်ရင်းက တပ်သား ၅ဦးဟာ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်မှာ ဇန်နဝါရီ ၂၃ရက်က အလင်းဝင်လာတာလို့ အသိပေးထားပါတယ်။ လယ်ဒိုစိုးမြို့နယ်ဆိုတာ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ကနယ်မြေတွေကို စုပေါင်းပြီး KNU သတ်မှတ်ထားတဲ့ မြို့နယ်အမည်ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၅ဦးဟာ MA-1(၃)လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ BA-100(၁)လက် ကျည်အပါဝင်စစ်သုံးပစ္စည်းတစ်ချို့ ပါလာတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ဖော်ပြပါတယ်။

Public Service Announcement
“အခု ဆိုရင် ၅ယောက်၊ ပြီးခဲ့တဲ့တပတ်မှာ ၃ယောက်။ဆိုရင် ဒီတလအတွင်းမှာ ၈ယောက်ရှိပြီ နော်။ ”လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီတပ်သားတွေအခုလအတွင်း အလင်းဝင်ရောက်မှု အခြေအနေကို ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်တွင်းက တပ်သားတွေအနေနဲ့ KNLAနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNUက တိုက်တွန်းအသိပေးထားပါတယ်။
KNUမှာ ခရိုင်နဲ့ တပ်မဟာ ၇ခုရှိရာဖြစ်ပြီး အခြား တပ်မဟာ နယ်မြေတွေမှာလည်း စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ ဖြစ်စေ လက်နက်မဲ့ဖြစ်စေ အလင်းဝင်ရောက်မှုတွေ ရှိပြီး တဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိပါတယ်။ အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ပါတယ်။
















































