နယူးဂါဇာလို့ နာမည်ပေးထားတဲ့ စစ်ပြီးခေတ် ဂါဇာ ပြန်လည်ထူထောင်ရေး တည်ဆောက်မှုတွေအတွက် လျာထား ပရောဂျက်ကို အမေရိကန်က ထုတ်ပြန် ပြသလိုက်ပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီအမံထဲမှာတော့ စစ်ဒဏ်ကြောင့် မွမွကျေခဲ့တဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ မိုးပျံတိုက်ကြီးတွေနဲ့ ခေတ်မီဆန်းသစ်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကြီးအဖြစ် ပြန်တည်ဆောက်ဖို့ လျာထားတာကို တွေ့ခဲ့ရပါတယ်။
ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ ဂါဇာဟာ အစ္စရေး စစ်တပ်နဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့ကြား စစ်ပွဲကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဂါဇာမှာ အပစ်ရပ်ခဲ့တဲ့နောက် ပြန်လည် ထူထောင်ရေး စီမံကိန်းကိုပါ အမေရိကန်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
အပစ်ရပ် သဘောတူညီမှုမှာတော့ ဟားမားစ်အဖွဲ့က အပြီးတိုင် လက်နက်စွန့်လွှတ်ရမယ်ဆိုတဲ့ တောင်းဆိုချက်လည်း ပါဝင်နေပြီး အဲဒီနောက်ပိုင်း ဂါဇာမှာ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းသွားမယ်လို့ အမေရိကန်က ယူဆထားပါတယ်။

Public Service Announcement
ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာတော့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ အိမ်ရာစီမံကိန်းတွေ၊ စိုက်ပျိုးရေးနဲ့ စက်မှုဇုန်တွေ ပါဝင်ပြီး လူပေါင်း ၂.၁ သန်းလောက် နေထိုင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ နယူးဂါဇာ စီမံကိန်းကို တင်ပြခဲ့ကြတာပါ။
စီမံကိန်းနဲ့ ပတ်သက်လို့ လျာထားချက် မူကြမ်းတွေအရ ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့တဝိုက်မှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။
ဂါဇာမှာ ၂ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အပစ်ရပ်စေခဲ့တဲ့ ထရမ့်က နောက်ဆက်တွဲ အနေနဲ့ ဂါဇာမှာ အောင်မြင်မှုတွေ အများကြီး ရယူသွားနိုင်ဦးမှာဖြစ်ပြီး အဲဒါကို စောင့်ကြည့်ကြဖို့ လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သူဟာ အိမ်ခြံမြေ လုပ်ငန်းတွေကို ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အဲဒီ စျေးကွက်ရဲ့ အဓိက အကျဆုံး တန်ဖိုးကတော့ နေရာပဲဖြစ်ကြောင်း၊ ပင်လယ် ကမ်းရိုးတန်းဘေးက လှပတဲ့ အဲဒီဇုန်နယ်မြေကိုကြည့်ရင် ဘယ်လောက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်မလဲဆိုတာ မြင်သာစေနိုင်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။
ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာကတော့ ဂါဇာမှာ စစ်ပွဲကာလအတွင်း လက်နက်ခဲယမ်း တန်ချိန် ၉၀၀၀၀ လောက် ကြဲချခဲ့သလို အပျက်အစီး တန်ချိန် သန်း ၆၀ လောက် ရှိနေကြောင်း၊ အဲဒါတွေကို ရှင်းလင်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟားမားစ်ရဲ့ ခြိမ်းခြောက်နိုင်ခြေနဲ့ ပတ်သက်လို့လည်း ကူရှ်နာက ဟားမားစ်ဟာ လက်နက်စွန့်ဖို့ သဘောတူညီမှုကို လက်မှတ် ရေးထိုးထားကြောင်း၊ အဲဒီကိစ္စ ဖြစ်မြောက်အောင် အမေရိကန်က ကျိန်းသေ လုပ်ဆောင်မှာ ဖြစ်သလို အရန်အစီအစဉ်ဆိုတာတောင် စဉ်းစားမထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန်ရဲ့ နယူးဂါဇာ စီမံကိန်းကတော့ ပင်လယ်ကမ်းရိုးတန်း ခရီးသွားဇုန်ကြီး တစ်ခုအဖြစ် ဂါဇာကို ပြောင်းလဲဖို့ လျာထားပြီး လူနေရပ်ကွက် ၁၈၀ လောက်ကိုပါ ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်မှုဇုန်၊ ဒစ်ဂျစ်တယ် နည်းပညာ စင်တာတွေ၊ ခေတ်မီ ကုန်ထုတ် လုပ်ငန်းတွေ၊ ဥယျာဉ်တွေ၊ စိုက်ခင်းတွေ အားကစားခန်းမတွေပါ ပါဝင်မယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ အီဂျစ်နဲ့ ထိစပ်ရာ ဂါဇာတောင်ပိုင်းမှာ ပင်လယ်ဆိပ်ကမ်းအသစ် တစ်ခုနဲ့ လေဆိပ်တစ်ခုကိုပါ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ နယူးဂါဇာ စီမံကိန်းကို ဂါဇာတောင်ပိုင်း ရာဖာဟ်မြို့မှာ စတင်ပြီး တဖြည်းဖြည်းချင်း မြောက်ပိုင်းမှာရှိတဲ့ ဂါဇာစီးတီးဆီ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းကို အပိုင်း ၄ ခုခွဲပြီး လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
အဆိုပြု မြေပုံထဲမှာတော့ စီမံကိန်းအတွက် မပါဝင်ဘဲ အလွတ်ချန်ထားတဲ့ မျဉ်းကြောင်းဇုန် တစ်ခုကိုလည်း တွေ့ရပါတယ်။ အဲဒါကလည်း ဂါဇာဟာ ဘေးကင်းလုံခြုံတဲ့ အဆင့်ရောက်ပြီလို့ ယုံကြည်တဲ့အထိ အစ္စရေးတပ်တွေ ဆက်ပြီး ဖြန့်ကျက်ထားဖို့ ကြိုတင် သဘောတူထားတဲ့ လုံခြုံရေးဇုန် နယ်နိမိတ်အတွက် လျာထားတာလို့ ယုံကြည်ရပါတယ်။
နယူးဂါဇာရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ နယူးရာဖာဟ်မှာတော့ အိမ်ပေါင်း တစ်သိန်းကျော်၊ ကျောင်းနဲ့ ပညာရေးစင်တာ ၂၀၀ ဝန်းကျင်နဲ့ ဆေးဝါးကုသရေးစင်တာ ၇၅ ခုတို့ကိုပါ တည်ဆောက်ဖို့ လျာထားကြောင်းလည်း သိရပါတယ်။ ရာဖာဟ်က ဆောက်လုပ်ရေး စီမံကိန်းတွေ စတင်ပြီး နှစ်နှစ်၊ သုံးနှစ်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ကုရှ်နာက ပြောကြားသွားပါတယ်။
ကိုးကား: BBC















































