ဇန်နဝါရီ-၂၂၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ( ကျုံဒိုးမြို့နယ်) ရှိ ပြည်သူလူထုတွေဟာ အာဏာသိမ်း စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ပြည်သူ့ဆန္ဒ မပါတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ မြို့နယ် အသီးသီးရှိ လူထုခေါင်းဆောင်တွေက ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်း၊ ပိုစတာနဲ့တကွ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် “ ပြည်သူကို ညှင်းဆဲသတ်ဖြတ်တဲ့ အစိုးရ အလိုမရှိ” ၊ “ စစ်အာဏာရှင် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ” ၊ “ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ အလိုမရှိ” ၊ “ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးနဲ့ ကော်သူးလေ အစိုးရ တည်ဆောက်ရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီ မြို့နယ် မုံရွာ ၊ ယာကြီး၊ ကလေးဝ လမ်းတနေရာမှာ နယ်မြေမငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း စာသားတွေ ကိုင်ဆောင်ပြီး “ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး” ၊ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ် ရွေးကောက် သပိတ်မှောက် တော်လှန်ရေး ကို ရဲရဲလျှောက်” ၊ “ အတုအယောင် ရွေးကောက်ပွဲ လုပ်လည်း တော်လှန်ရေးက ဆက်ချမှာပဲ” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင် အလုပ်မအားတဲ့ကြားမှ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ UKSY

















































