close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် စစ်ပွဲမှာ NATO တပ်တွေက ရှေ့တန်းထွက်ဖို့ ရှောင်ခဲ့ကြောင်း ထရမ့်ရဲ့ စကားကြောင့် မဟာမိတ်တွေ ဒေါသထွက်

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို သိမ်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို NATO နိုင်ငံတွေက ဆန့်ကျင်ခဲ့တဲ့နောက် ဇန်နဝါရီ ၂၂ ရက်နေ့တုန်းက Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က အမေရိကန်သာ အမှန်တကယ် လိုအပ်ရင် NATOက အသင့်ရှိနေပေးပါ့မလားဆိုတာ မသေချာကြောင်း ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။

တကယ်တော့ အမေရိကန်က NATOကို လိုအပ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို NATOရဲ့ အကူအညီကိုလည်း မယူခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ ထရမ့်ဟာ အရင်ကလည်း NATOကသာ အမေရိကန်ကို လိုအပ်နေတာဖြစ်တယ် ဆိုတဲ့စကားကို လူသိရှင်ကြား ပြောဖူးပါတယ်။

Foxနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အာဖဂန် စစ်ပွဲကာလတုန်းက အမေရိကန်ကို ကူဖို့ တပ်တွေ လွှတ်ပေးခဲ့ပါတယ် ဆိုတာမျိုး NATO နိုင်ငံတွေက စောဒက တက်လာနိုင်ကြောင်း၊ အဲဒီလို ပို့ပေးခဲ့တာ မှန်ပေမယ့် နောက်တန်းမှာပဲ နည်းနည်း အနေများကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွေကိုတော့ နည်းနည်း ရှောင်ဖယ်ရှောင်ဖယ် လုပ်ခဲ့ကြကြောင်း ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ကတော့ ဥရောပနဲ့ တခြားနိုင်ငံတွေအပေါ် အများကြီး သဘောကောင်းပေးခဲ့ကြောင်း၊ အဲဒီဆက်ဆံရေးမျိုးဟာ အသွားအပြန် ရှိသင့်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

သူ့ရဲ့ မှတ်ချက်စကားဟာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကြားမှာတော့ အတော်လေး ပွဲဆူစရာ ဖြစ်ခဲ့ပါတယ်။ ဗြိတိန် လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီ အကြီးအကဲ အမ်မလီ သွန်ဘယ်ရီက ဒီစကားဟာ အာဖဂန် စစ်ပွဲမှာ မဟာမိတ်ကို ကူညီရင်း အသက်ပေးခဲ့ရတဲ့ ဗြိတိန် တပ်ဖွဲ့ဝင် ၄၅၇ ဦးကို တိတိကျကျကြီး စော်ကားလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဆာအက်ဒ်ဒေဗီကလည်း အဲဒီ စစ်သည်တွေရဲ့ အသက်စွန့်မှုကို ဘယ်လို သတ္တိမျိုးနဲ့ ထရမ့်က မေးခွန်းထုတ်ခဲ့ရက်သလဲလို့ ဝေဖန်သွားပါတယ်။

တခြား NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံရေး အစုအဖွဲ့တွေကြားမှာလည်း ထရမ့်ရဲ့ အဲဒီ အငြင်းပွားစရာ မှတ်ချက်အပေါ် မကျေနပ်မှုတွေ ရှိနေပါတယ်။

အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက်မှုကြီးအပြီး အမေရိကန်ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းဖို့အတွက် အာဖဂန်ကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ NATO အဖွဲ့ရဲ့ ပဋိညာဉ်အရ တခြားနိုင်ငံတွေကလည်း အမေရိကန် တိုက်ခိုက်ခံရတဲ့ ကိစ္စမှာ မဟာမိတ်ကက ကူညီဖို့ တပ်တွေ စေလွှတ်ပေးခဲ့သလို စစ်ဖက်အသုံးအဆောင်တွေလည်း ဝိုင်းဝန်း ထောက်ပံ့ခဲ့ကြပါတယ်။

ဆယ်စုနှစ် နှစ်ခုလောက် ကြာမြင့်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင် ၃၅၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက သုံးပုံနှစ်ပုံလောက်နဲ့ ညီမျှတဲ့ ၂၄၆၁ ဦးက အမေရိကန် စစ်သည်တွေပါ။ ဗြိတိန်ကတော့ ဒုတိယ အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတဒေါ်နယ်လ်ထရမ့်စီးနင်းလိုက်ပါလာတဲ့အမေရိကန်သမ္မတ စီးတော်လေယာဉ် Air Force Oneဟာ ပျံတက်ချိန်မှာ ပြဿနာ အသေးအမွှားတစ်ခု ကြုံခဲ့ပေမယ့် နောက်ကြောင်းပြန်လှည့်ပြီး ဘေးကင်းကင်းနဲ့ ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းချင်တဲ့ သူ့ဆန္ဒကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အခိုင်အမာ ထပ်လောင်း ပြောဆိုခဲ့သလို ဒီကိစ္စမှာ နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိဘူးလို့ သတိပေးသွားပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကိစ္စ အငြင်းပွားမှုကို အကြောင်းပြုပြီး အမေရိကန်က ဗိုလ်ကျ အကျပ်ကိုင်တဲ့ သဘောမျိုး လုပ်လာတာကို သင့်တော်သလို တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)ဖက်က စဉ်းစားနေပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို သိမ်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေ မြှင့်တင်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။