close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်စဲရေး ကြိုးပမ်းမှုမှာ နယ်မြေခွဲဝေရေးကိစ္စ ညှိမရ ဖြစ်နေဆဲလို့ ယူကရိန်း သမ္မတ ဝန်ခံ

ရုရှားနဲ့ စစ်ပွဲကို ရပ်ဆိုင်းနိုင်ရေး ရည်မှန်းချက်မှာ နယ်မြေ ခွဲဝေ ပိုင်းခြားနိုင်ရေး ကိစ္စက ဖြေရှင်းလို့ မရသေးကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲကို ရပ်ဆိုင်းနိုင်ရေး ရည်မှန်းချက်မှာ နယ်မြေ ခွဲဝေ ပိုင်းခြားနိုင်ရေး ကိစ္စက ဖြေရှင်းလို့ မရသေးကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗော့စ်မြို့မှာ ကမ္ဘာ့ စီးပွားရေးဖိုရမ် တက်ရောက်လာတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာတော့ စစ်ပြီးခေတ် ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေး အာမခံချက်နဲ့ဆိုင်တဲ့ ကိစ္စတွေကို အပြီးသတ် သဘောတူနိုင်ခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ဒါပေမဲ့ စစ်ပွဲကို ရပ်ဆိုင်းနိုင်ရေးအတွက် အဓိက အကျဆုံးအပိုင်းဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းကြား နယ်မြေတွေ ဘယ်လို ခွဲယူကြမလဲဆိုတဲ့ ကိစ္စက ညှိမရ ဖြစ်နေဆဲလို့ သူက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၄ နှစ်နီးပါး ကြာလာတဲ့ စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ အပေါင်းလက္ခဏာဆန်တဲ့ တိုးတက်မှုတွေ ရှိလာတယ် ဆိုတာကို ဇီလန်စကီးက အသိအမှတ် ပြုခဲ့ပြီး အခုသီတင်းပတ်ကုန်မှာ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ သုံးပွင့်ဆိုင် တွေ့ဆုံကြမယ်လို့လည်း ပြောသွားခဲ့ပါတယ်။

စစ်ပွဲအပြီး ယူကရိန်းရဲ့ စီးပွားရေး ပြန်လည် ထူထောင်မှုဆိုင်ရာ အစီအမံတွေနဲ့ ပတ်သက်လို့လည်း သဘောတူညီမှုတစ်ခု ရလုနီးပါးထိ ရှိနေပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ အစောပိုင်းတုန်းကတော့ အမေရိကန်က ကြားဝင် အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ ရုရှားဖက်ကို တစ်ဖက်သတ် အလေးပေးထားကြောင်း စွပ်စွဲမှုတွေ ရှိခဲ့ပြီး ပြန်လည် ပြင်ဆင်မှုတွေ အကြိမ်တချို့ ညှိနှိုင်းလုပ်ဆောင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်ကို ထရမ့် ဒုတိယအကြိမ် ပြန်ရောက်လာတဲ့နောက်ပိုင်း တစ်နှစ်အတွင်း ၆ ကြိမ်မြောက် တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုတွေက အပြုသဘော ဆောင်ခဲ့တယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ပါတယ်။ ထရမ့်က သမ္မတ ဇီလန်စကီးနဲ့ အစည်းအဝေးက ကောင်းမွန်ခဲ့တယ်လို့ သူယူဆကြောင်း၊ တိုးတက်မှုတွေလည်း ဆက်တိုက် မြင်နေရကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးတော့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာလည်း ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ ထွက်ခွာသွားကြောင်း သူက ဆိုပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက် သူပေးချင်တဲ့ သတင်းစကားက ဘာလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က စစ်ပွဲက ကျိန်းသေ ရပ်တန့်ရမယ်ဆိုတာ ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ထရမ့်က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ်ကူရှ်နာတို့ဟာ မော်စကိုက ဆွေးနွေးပွဲတွေပြီးရင် အဘူဒါဘီက သုံးပွင့်ဆိုင် အစည်းအဝေးတက်ဖို့ ဆက်တိုက် ခရီးဆက်ဖွယ် ရှိပါတယ်။ အမေရိကန်က စစ်ရပ်စဲရေးအတွက် အပူတပြင်း ကြိုးစား ညှိနှိုင်းပေးနေပေမယ့် ရုရှားကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကြီးမားကျယ်ပြန့်တဲ့ ဒွန်းဘက်စ် ဒေသ တစ်ခုလုံးကို မရမချင်း စစ်ရပ်စဲရေး ကိစ္စကို လက်ခံမှာ မဟုတ်ဘူးလို့ တင်းခံထားပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့အတွက် ယူကရိန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့် အားထုတ်မှုတွေကို လက်လျှော့မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်ရပ်စဲရေးအတွက် အမေရိကန်က ထောက်ခံတဲ့ အဆိုပြုချက်တွေဆိုပြီး ယူကရိန်းဆီကို ပေးပို့ခဲ့တာတွေဟာ ရုရှားရဲ့ တောင်းဆိုချက်တွေကို ပြန်လည် ကိုးကားထားတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အနောက်ဥရောပ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။