ဇန်နဝါရီ ၂၂၊ ၂၀၂၆။ ထားမြိတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့ နဲ့ စစ်အာဏာရှင်တွေ အာဏာဆက်လက်တည်မြဲရေး ကြိုးပမ်းမှု သာဖြစ်လို့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ် ဥက္ကဋ္ဌတွေက ပြည်သူလူထုတွေကို တိုက်တွန်းတဲ့ ပြောကြားချက်ကို KNUဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။
KNU ဖားအံခရိုင် ပိုင်ကျုံမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆာပုလဲD1၊ မူတြော်(ဖာပွန်)ခရိုင် ဘူးသိုမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆာယူမူး၊ ဒူးပလာယာခရိုင် နို့တကောမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဒူးကော်နဲ့ ခလယ်လွီထူခရိုင် ဆောထိမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားရက် တို့ရဲ့ စစ်တပ်ရွေးကောက်ပွဲအပေါ် သဘောထားအမြင် ပြောကြားချက် ရုပ်သံကို ဖော်ပြခဲ့တာပါ။
အခု စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ တရားမျှတမှု မရှိတာ ပြည်သူတွေအားလုံးနီးပါး သိကြတယ်လို့ ပဒိုစောဆာပုလဲဒီဝမ်းက ပြောပါတယ်။

Public Service Announcement
” ဒါက စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်သလို နိုင်ငံအတွက်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မှာ မဟုတ်ဘူးဆိုတာ ပြည်သူတွေကို အသိပေး ပြောကြားချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဘူးသိုမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆာယူမူးကလည်း စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အကူအညီ မပေးမိဖို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ လိုအပ်ကြောင်း ပြောပါတယ်။
” ဒီစစ်အာဏာရှ်တွေရဲ့ အုပ်ချုပ်မှု စနစ်က မကောင်းဘူးဆိုတာကျနော်တို့ သိပြီးဖြစ်တယ်။သိပြီး ဖြစ်တဲ့အတိုင်းအဆုံးထိဆန့်ကျင်သွားရမှာ ဖြစ်တယ်။”လို့ တိုက်တွန်းပါတယ်။
စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကိုတခုချင်းစီပြန်သုံးသပ်ဖို့၊ သမိုင်းတလျှောက် လူထုတွေ ကြုံတွေ့ ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းဖြတ်သန်းမှုတွေကို ပြန်အမှတ်ရဖို့၊ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်တွေရဲ့ အသုံးချခံ မဖြစ်ဖို့ ပဒိုစောဆာယူမူးက ပြောပါတယ်။
ဆောထိမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားရက် ကလည်း စစ်အာဏာရှင်ကတော့ သူ့ရဲ့အာဏာ တည်မြဲဖို့အတွက်ကြိုးပမ်းနေမှာဖြစ်ပေမယ့် KNU ဗဟို အဆင့်၊ ခရိုင်အဆင့်က စစ်တပ် ရွေးကောက်ပွဲ လက်မခံကြောင်း ဆန့်ကျင်ကြောင်း ကြေညာထားတယ်လို့ ပြောပါတယ်။
“ဒါကြောင့်မို့လို့ ပြည်သူတွေကို ပြောချင်ပါတယ်။ တကယ်လို့ စစ်အာဏာရှင်စနစ်ကို ဆက်ပြီး လိုချင်နေသေးတယ်ဆိုရင်တော့ မဲသွားပေးပါ။ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်မှာကို မလိုလားဘူးဆိုရင်တော့ ဒီအတုအယောင် ရွေးကောက်ပွဲကို တက်နိုင်သမျှ မဲသွားမပေးဘဲ ဆန့်ကျင်သွားဖို့ လိုပါတယ်” လို့ ပဒိုစောဖားရက်က ပြောပါတယ်။
နို့တကောမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဒူးကော်ကလည်း အကြမ်းဖက် စစ်တပ်ဟာ သူတို့ အာဏာတည်မြဲရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းလာတာဖြစ်ပြီး အဲဒီ ဖွဲ့စည်းပုံကို အားလုံးက လက်မခံကြောင်း ပြောပါတယ်။
“သူတို့အတွက် ထွက်ပေါက်လမ်းက ဒီတလမ်းပဲရှိတယ်။ ဒီလမ်းက မမှန်ဘူးဆိုတာ လူတိုင်း သိကြတယ်။ ပြည်သူလူထုကို ပြောချင်တာက ဒီမမှန်တဲ့ လမ်းကြောင်းကို ကျနော်တို့ အားပေး အားမြောက်မိရင် ကျနောတို့လည်း မမှန်တဲ့လူတွေ ဖြစ်သွားမယ်။”လို့ ပဒိုစောဒူးကော်က ပြောပါတယ်။
KNUဟာ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း နည်းမျိုးစုံ လှုပ်ရှားမှုတွေနဲ့ ပြသနေတာဖြစ်ပြီး KNU အုပ်ချုပ်နယ်မြေက ဒေသခံ ပြည်သူတွေရဲ့ စစ်တပ်ရွေးကောက်ပွဲအပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

















































