အဲဒီ ကိန်းဂဏန်းကို ဇန်နဝါရီ ၁၃ ရက် ညပိုင်းမှာ အီရန် အာဏာပိုင်တွေဖက်က အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အီရန် အစိုးရကတော့ အခုလို သွေးချောင်းစီး သေကြေမှုတွေရဲ့ နောက်ကွယ်မှာ အကြမ်းဖက် အင်အားစုတွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေက အဓိက အကြောင်းရင်း ဖြစ်ခဲ့ကြောင်း စွပ်စွဲ ဝေဖန်ထားပါတယ်။
အီရန်မှာ ရီယယ် ငွေကြေးယူနစ် စံချိန်တင် တန်ဖိုးကျဆင်းမှုတွေကြောင့် မြို့တော် တဟီရန်က ကုန်သည်တွေ၊ စျေးဆိုင်ပိုင်ရှင်တွေ စုဝေးပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက် လုံခြုံရေး အရာရှိတွေက အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့တဲ့နောက် အခြေအနေတွေ ပိုရှုပ်ထွေးကုန်ပြီး ဆန္ဒပြပွဲတွေကလည်း တစ်နိုင်ငံလုံးကို အုံနဲ့ကျင်းနဲ့ ကူးစက်သွားပါတယ်။ ပြီးတော့ လူထု အုံကြွမှုကလည်း ဘာသာရေး ခေါင်းဆောင်တွေ ကြီးစိုး အုပ်ချုပ်နေတဲ့ အီရန် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု အသွင်ကို ပြောင်းလဲလာခဲ့ပါတယ်။
အီရန် အာဏာပိုင်တွေက ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၂၀၀၀ ကျော်လွန်ခဲ့ပြီလို့ အတည်ပြုခဲ့သလို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး သတင်းအေဂျင်စီ (HRANA)ကလည်း အဓိကရုဏ်းတွေအတွင်း ဆန္ဒပြပြည်သူ ၁၈၅၀၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် အစိုးရ ဘက်တော်သား ၁၃၅ ဦး၊ မဆီမဆိုင် ကံဆိုးပြီး ထိခိုက်ခဲ့သူ ၉ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးတော့ သေဆုံးစာရင်းမှာ အသက်မပြည့်သေးတဲ့ ကလေး ၉ ဦး ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့် သေဆုံးသူ ဦးရေဟာ ၂၀၀၀ ကျော်လွန်လာပြီလို့ သိရပါတယ်။

Public Service Announcement
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူ့ရဲ့ အစိုးရဟာ အီရန်မှာ ဖြစ်ပွားနေတဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို အတတ်နိုင်ဆုံး အတိအကျ အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အီရန် အာဏာပိုင်တွေရဲ့ သတ်ဖြတ်မှုတွေကြောင့် ကိန်းဂဏန်းတွေက အတော်မြင့်မယ့် သဘောရှိပေမယ့် တိတိကျကျတော့ မသိရသေးကြောင်း၊ သေဆုံးစာရင်းကို တိတိကျကျ သိရပြီဆိုရင် အမေရိကန် အစိုးရ အနေနဲ့ လုပ်သင့်တာကို လုပ်ဖို့လည်း ရှိနေကြောင်း ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်က အီရန်ရဲ့ ဆန္ဒပြ ပြည်သူတွေကို ကာကွယ်ဖို့အတွက် အီရန်အစိုးရကို တိုက်ခိုက်နိုင်ခြေ ရှိတယ်ဆိုတဲ့ သဘောမျိုး အရင်ကလည်း ခြိမ်းခြောက်ထားဖူးပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့ အစောပိုင်းတုန်းက ထရမ့်ဟာ သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ အီရန်အစိုးရဟာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့အတွက် ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ရေးသားခဲ့သလို အီရန် နိုင်ငံသားတွေ အနေနဲ့လည်း အလျှော့မပေးစတမ်း ဆက်ပြီး ဆန္ဒပြနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အီရန်ကိစ္စကို ဆွေးနွေးဖို့အတွက် သူဟာ တခြား အစည်းအဝေး အားလုံးကို ဖျက်ပစ်ခဲ့ကြောင်း၊ ဆန္ဒပြသူတွေအပေါ် အီရန်က အဓိပ္ပါယ်မဲ့ သတ်ဖြတ်နေတာတွေ အားလုံး ရပ်တန်းက ရပ်ဖို့လိုကြောင်း၊ အကူအညီတွေက လမ်းတစ်ဝက် ရောက်နေပြီဖြစ်ကြောင်းလည်း ထရမ့်က ရေးသားထားပါတယ်။ ဒါပေမဲ့ ‘အကူအညီ’ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး တိတိကျကျတော့ ရှင်းပြမထားခဲ့ပါဘူး။
ထရမ့်ဟာ အီရန်ကို အရေးယူတဲ့ ခြေလှမ်းတစ်ခုအဖြစ် အီရန်အစိုးရနဲ့ စီးပွားရေး လက်တွဲလုပ်နေတဲ့ နိုင်ငံအားလုံးရဲ့ အမေရိကန်ဆီ ပို့ကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်တိုးပြီး စည်းကြပ်မယ်လို့လည်း ကြေညာထားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters, AP, Getty Images
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – /
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring
ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

















































