ဒီးဒီ/People’s Spring
စာဖတ်သူဟာ ထိုင်းနိုင်ငံမှာနေထိုင်သူဆိုရင်တော့ ဒီကာလမှာအနေအထိုင်အထူးသတိပြုဖို့လိုအပ်နေပါပြီ။ ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံသားတွေ နဲ့ မြန်မာတွေအကြား ပြသာနာဖြစ်အောင်ဖန်
တီးလှုံ့ဆော်သူတွေရှိနေလို့ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၁ရက်ကထိုင်းနိုင်ငံ၊စမွတ်ပရာကန်ခရိုင်မှာ စားသောက်ဆိုင်က မြန်မာလုပ်သားအချို့နဲ့ အစားအသောက်အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်တဲ့ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်တဲ့ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ လူမှုကွန်ရက်သုံးစွဲသူတွေအကြား အုတ်အော်သောင်းနှင်းဖြစ်ခဲ့ပါတယ်။စမွတ်ပရာကန်ဟာဘန်ကောက်မြို့နဲ့ ၁၈ မိုင်ကျော်ပဲဝေးပြီးကားနဲ့ဆိုရင် မိနစ်ပိုင်းပဲမောင်းရပါတယ်။

Public Service Announcement
ဒီဖြစ်စဥ်အပေါ် အခွင့်ကောင်းယူပြီး ထိုင်းအမျိုး
သားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့အဖွဲ့သားတွေကပါဝင်လာပြီးလူမျိုးရေးပဋိပက္ခအဖြစ်လှုံ့ဆော်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားက မြန်မာလုပ်သား သတ်တဲ့ လူသတ်မှုကျူးလွန်တာမျိုး ၊မြန်မာလုပ်
သားက ထိုင်းနိုင်ငံသားသတ်တဲ့ လူသတ်မှုကျူး
လွန်တာမျိုး ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပေမယ့် အခုလိုအုတ်အော်သောင်းနှင်းမဖြစ်ခဲ့ဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
ပြသာနာအစကစမွတ်ပရာကန်ခရိုင်က The One စားသောက်ဆိုင်ပိုင်ရှင်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားရဲ့ကားနဲ့ အစားအသောက်ပို့တဲ့ အိမ်အရောက်ပို့ပစ္စည်းပို့တဲထိုင်းအလုပ်သမားတစ်ဦးရဲ့ ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ပါတယ်။ ထိုင်းဒလီသမားက ဆိုင်ကယ်ဟွန်းတီးခဲ့လို့ မြန်မာနိုင်ငံသားက ရိုင်းစိုင်းတဲ့အပြုအမှုတွေနဲ့ ဆိုင်ကိုလိုက်ခဲ့ဖို့ စိန်ခေါ်ခဲ့ပါတယ်။
ဆိုင်ကိုလိုက်လာတဲ့ ထိုင်းဒလီသမားနဲ့ သူငယ်ချင်း ၂ ဦးကို မြန်မာစားသောက်ဆိုင်ထဲက မြန်မာတွေ အုပ်စုလိုက် တုတ်တွေနဲ့ ထွက်ရိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့ခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ဆူညံနေတဲ့ မြန်မာလုပ်သားတွေကျူးလွန်းမှုကို ရှာဖွေဖို့ဆိုပြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့က ဇန်နဝါရီ ၁၂ရက်မှာ လူစုလူဝေးလုပ်ကာ လှုံံ့ဆော်မှုစတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်အပြီး နောက်တစ်ရက်မှာပဲ ဇန်နဝါရီ ၁၃ရက်မှာ ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်မှာ ထိုင်းအ
မျိုးသမီးနဲ့ ယာဉ်တိုက်မှုဖြစ်တဲ့ မြန်မာလူငယ်ကို Grab မောင်းသူတွေက ဝိုင်းရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ယာဉ်တိုက်မှုဖြစ်တဲ့ နေရာကို ထိုင်းGrab မောင်းသူတွေရောက်လာပြီး ဝိုင်းရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
နွန်ထဘူရီခရိုင်က အသက်(၂၀)အရွယ် မြန်မာလူငယ် ဝိုင်းဝန်းရိုက်နှက်ခံရတဲ့ဖြစ်စဉ်ဟာ စမွတ်ပရာကန်ခရိုင်မှာဖြစ်တဲ့ စားသောက်ဆိုင်ဖြစ်စဉ်ရဲ့ လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှု နောက်ဆက်တွဲလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီသူတွေက သုံးသပ်ကြပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာတွေအကြား အမုန်းတရားကြီးထွားအောင် လှုံ့ဆော်တာနဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် စတင်ခဲ့တာက ပြီးခဲ့တဲ့ သုံးလကျော်ကပါ။
မန္တလေးက ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲမှာ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့
တော်ဘန်ကောက်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။သူတို့တွေ့ဆုံမှုကို မြန်မာမီဒီယာတွေက
စောင့်ကြည့်ပြီး အသေးစိပ်ဖော်ပြတဲ့အခါ နှုတ်ခမ်းမွေးက သူဟာပေါက်ကိုယ်တော်ကိုမသိပဲ၊ ပေါက်ကိုယ်တော်ကအကူအညီတောင်းချင်လို့တွေ့လိုတယ်ပြောလို့ တွေ့တာလို့လူမှုကွန်ယက်ကနေဖြေရှင်းခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီးမှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီးထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ကြံစည်ခဲ့ကြပါတယ်။
ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေကပြောခဲ့ကြပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အ
ကောင်အထည် ဖော်ခဲ့ပါတယ်။
ဘယ်လိုပြသာနာရှာလဲဆိုရင် ပေါက်ကိုယ်တော်က ပျူစောထီးတွေထဲက သူ့လက်ရုံးလူမိုက်အချို့ကို ထိုင်းကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာခိုင်းတာ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ထိုင်းမှာပြဿနာရှာဖို့အ
တွက် သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်နေတာကို လူထုနွေဦးက ၂၀၂၅ နိုဝင်ဘာမှာ စုံစမ်းသိရှိခဲ့ပြီးဆောင်းပါးရေးသားသတိပေးခဲ့ပါသေးတယ်။(ဆောင်းပါးလင့် /feature-mm/2025/10/10/136386/ )
“ ထိုင်းကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ ထိုင်းမှာ မြန်မာတွေအနေများတဲ့ ရက်ကွက်တွေ အလုပ်တွေဆီကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ပြီးရင် ပြန်လာရပါ့မယ် ပြောပါတယ်” လို့ ပေါက်ကိုယ်တော်နဲ့ နီးစပ်သူတဦးက လူထုနွေဦးကို သတင်းပေးပါတယ်။
ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာနေတာများတဲ့နေရာတွေမှာ ပြသာနာရှာဖို့ ပေါက်ကိုယ်တော်က သူ့တပည့်လူမိုက်တွေကို အသွားအပြန်စာရိတ်ငြိမ်းစေလွှတ်ပေးနေတာလို့စုံစမ်းသိရပါတယ်။
အဲဒီလိုပြသာနာရှာရင် ထိုင်းရောက်မြန််မာတွေကိုအိမ်ရှင်ထိုင်းနိုင်ငံသားတွေက မကြိုက်အောင် ၊မြန်မာတွေအနေကြပ်ပြီး ဒုက္ခရောက်အောင်၊ထိုင်းမှာမနေနိုင်အောင် ပေါက်ကိုယ်တော်ကတဆင့်စစ်
တပ်ကကြံစည်နေတာဖြစ်ပါတယ်။
ပေါက်ကိုယ်တော်ရဲ့ အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေးထောက်ပို့လုပ်တဲ့သူတွေ အနေကြပ်အောင်လုပ်တဲ့အပြင် လူငယ်လုပ်သားတွေ စစ်မှုထမ်းဖို့ နေရပ်ပြန်လာစေဖို့ ဖိအားပေးဖို့ အတွက်ပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ကြံစည်နေတာလို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေ
ထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးကလည်း သုံးသပ်ပါတယ်။
ပေါက်ကိုယ်တော် ဘန်ကောက်ရောက်လာတာဟာလည်း ထိုင်းအာဏာပိုင်တွေရဲ့ လက်ချက်မကင်းကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပနာသင့်ပြီးအမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့လည်း ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာလည်း ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာ
ဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ သူတို့ကို ထိုင်းမဘသ လို့ ခေါ်ကြပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်
ဘာ ၂၃ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာကစပြီး လူသိများလာတာပါ။ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ သူကဆန္ဒပြတောင်းဆိုခဲ့တာပါ။
အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းပြချက်ကတော့ စစ်တပ်ကိုတော်လှန်ပြီး နွေဦးတော်လှန်ရေးကိုအားပေးနေကြလို့ပါအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာခဲ့တဲ့ ၂၀၂၅ ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကို နှုတ်ခမ်းမွေးနဲ့အဖွဲ့ကကိုယ်ထိလက်ရောက် ထိုးကြိတ် ရန်ရှာခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်၊ဇူလိုင်လတုန်းက နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ နှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ပြောပါတယ်။
အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်ပေါ်ကနေပါ ဝါဒဖြန့်ချီတာတွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်း စုံစမ်းသိရပါတယ်။
သူတို့ဟာ မြန်မာတွေက ထိုင်းနိုင်ငံနဲ့ပတ်သက်တာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တင်တဲ့အခါ အဲဒီစာသားတွေနဲ့ အကောင့်တွေကို ဘာသာပြန်ပြီး ထိုင်းအမျိုးသားရေးအဖွဲ့တွေဆီ ပေးပို့နေတာလို့လည်း ပြောပါတယ်။
အခု Assumption UniversityအနီးကThe One
စားသောက်ဆိုင်မှာ ဖြစ်တဲ့ဖြစ်စဉ်ဟာ ရိုးသားမှုမရှိဘူးလို့ ထိုင်းနိုင်ငံသားအဖြစ်ခံယူထားတဲ့ ထိုင်းရောက်မြန်မာအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။Assumption University ဟာ စစ်အုပ်စုရဲ့ သားသမီးတွေအများစု ပညာသင်ကြားနေတဲ့ကျောင်းလို့ သူက ဆက်ပြောပါတယ်။
“ သူတို့သားသမီးတွေ အများစုတက်တဲ့ကျောင်းနားမှာဖွင့်ထားတဲ့ဆိုင်။ မဘသတွေနဲ့ ဆက်စပ်တယ်လို့ သိရတယ်။နောက်ပြီးနယ်စပ်မှာနွေဦးဆ
ရာတော်ဖမ်းဆီးခံရတယ်ဆိုတဲ့ ဖြစ်စဉ်ရယ် အခု ရိုက်ပွဲတွေဆိုတာဟာ အချိန်ကိုက်ဖြစ်လာတာ” လို့ သူက ထောက်ပြပါတယ်။
နွေဦးဆရာတော်ဟာ ဇန်နဝါရီ ၁၀ ရက်က တန
င်္သာရီတိုင်း၊ မောင်တောင်ဘက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာလှူဒါန်ပြီးနောက် ထိုင်းနိုင်ငံ၊ ပရကျွှပ်ခီရီခန်မြို့ကို ဝင်ရောက်လာချိန်မှာ ထိုင်းနယ်ခြားစောင့်တပ်ရဲ့ဖမ်းဆီးမှုခံရတာဖြစ်ပါတယ်။
“ အခုဖြစ်စဉ်ကိုကြည့်နေတာက စားသောက်ဆိုင်က မြန်မာတွေက ထိုင်းစကားမပြောတက်ဘူး။ ဒါပေမယ့် သူတို့က အထောက်အထားတွေရှိတယ်။ ဆိုလိုတာကလူဟောင်းတွေမဟုတ်ဘူး။ထိုင်းရောက်တာ အလွန်ဆုံး ၂နှစ်ပေါ့။ ပြောချင်တာက ဒီမှာရှိနေတဲ့ မြန်မာတွေကထိုင်းတွေဆို တခုခုဆို ရှောင်ကြတယ်။ ပြဿနာတက်လည်း အရင်ဆုံးတောင်းပန်လိုက်တယ်။ အခု စားသောက်ဆိုင်က မြန်မာကလက်ခလယ်ထောင်ပြပြီး ဆိုင်လိုက်ခဲ့ဖို့ ခေါ်တာရော၊ ဝိုင်းရိုက်တာရော စဉ်းစားကြည့်ရင် မရိုးသားဘူးလို့ ပြောရမယ်” လို့ထိုင်းနိုင်ငံဘန်ဘော်ဒေသမှာနေထိုင်တဲ့ မြန်မာလူငယ်တစ်ဦးက ပြောပါတယ်။
နှုတ်ခမ်းမွေးနဲ့အဖွဲ့ရောက်လာလှုံ့ဆော်ပြီးနောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျူးလွန်တဲ့ဆိုင်အလုပ်သမားတွေက တောင်းပန်ပြီး ဆိုင်ကယ်ခြင်းပျက်စီးတဲ့အပေါ် ဘတ်တစ်သောင်းပေးလျော်ပေးလို့ နှစ်ဖက်ကျေအေးသွားကြပြီလို့ဆိုပါတယ်။ဒါပေမယ့် ကမ္ဘားဒီယားနဲ့ နယ်စပ်ပြသာနာခေတ္တငြိမ်သက်နေချိန်မှာ အခုပြသာနာကြောင့် မြန်မာနိုင်ငံသားသန်းပေါင်းများ လာရောက်မှီခိုနေရတဲ့ထိုင်းနိုင်ငံမှာ မြန်မာတွေအပေါ်အမုန်းစကား
ဖြန့်ချီမှုတွေ ရပ်တန့်မသွားပါဘူး ။
ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတဦးဖြစ်တဲ့ ကိုရဲမင်း(အေအေစီ)ကလည်း “ မင်းတို့က တောင်းပန်ကြေအေးသွားပေမဲ့ ထိုင်းလူမျိုးတွေရဲ့ အမုန်းမီးစကို ထိုင်းနဲ့မြန်မာတွေကြား မီးပြန်မွှေးပေးသွားခဲ့တာ” လို့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ် ။
နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကသတိပေးပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။ ။
(ထိုင်းနိုင်ငံသား ပစ္စည်းပို့သူတွေနဲ့ စားသောက်ဆိုင်ကမြန်မာပြသာနာတက်အချင်းများစဥ်/ နှုတ်ခမ်းမွေးအဖွဲ့ရောက်လာပြီး မြန်မာနိုင်ငံသားတွေအပေါ်အမုန်းစကားလှုံ့ဆော်စဥ်။ရုပ်သံ-CJ)

















































